မက်ဆီကိုယ်တိုင်မမျှော်လင့်ထားခဲ့တဲ့အခြေအနေဖြစ်ပါတယ်။

မက်ဆီဘက်ကလည်း အသင်းဘဏ္ဍာရေးအခြေအနေနဲ့ စည်းမျဉ်းတစ်ခုက သူ့ကို ဘာကာကစားသမားအဖြစ် မှတ်ပုံတင်ခွင့်ကို တားဆီးနေတယ်ဆိုတာကို သိခဲ့တယ်လို့ ဆိုပါတယ်။


လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာမှာ ဆက်လက်ရှိနေတော့မှာမဟုတ်ဘူးလို့ မနေ့ညကပဲ ကလပ်အသင်းဘက်က အတည်ပြုကြေညာလိုက်ပါတယ်။ တကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တဲ့ ထုတ်ပြန်ချက်ဖြစ်ပြီး ဘာကာနဲ့ ၅ နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီထားပြီးခါမှ အခုလိုမျိုးလမ်းခွဲခဲ့ရတဲ့အကြောင်းအရင်းက ဘာလဲဆိုတာကလည်း တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။ 

ဘာစီလိုနာရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ "မက်ဆီနဲ့ ဘာစီလိုနာတို့က စာချုပ်သစ်အတွက် သဘောတူညီမှုရရှိထားပြီး လက်မှတ်ရေးထိုးဖို့ရှိနေခဲ့ပါတယ်၊ ဒါက အခုတော့မဖြစ်လာနိုင်တော့ပါဘူး၊ ဘာလို့လဲဆိုရင်တော့ အသင်းဘဏ္ဍာရေးအခြေအနေနဲ့ လာလီဂါရဲ့ စည်းမျဉ်းတွေကြောင့် ဖြစ်ပါတယ်၊ ဒါကြောင့် မက်ဆီအသင်းမှာ ဆက်ရှိမှာမဟုတ်တော့ပါဘူး၊ ဒီအတွက်လည်း နှစ်ဖက်စလုံးရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့တဲ့အတွက် နှစ်ဖက်စလုံးက နောင်တတွေအများကြီးရနေခဲ့ပါတယ်" လို့ ပါဝင်ခဲ့ပါတယ်။ 

ကလပ်အသင်းရဲ့ထုတ်ပြန်ချက်ထဲမှာ ပါဝင်ခဲ့တဲ့အတိုင်းပဲ ဘဏ္ဍာရေးအခြေအနေနဲ့ စည်းမျဉ်းကြောင့်ပဲ ဒီလိုတွေဖြစ်လာခဲ့တာပါ။ လာလီဂါက CVC လုပ်ငန်းစုနဲ့လက်တွဲပြီး ကလပ်အသင်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ သူတို့ရဲ့ ဥရောပစူပါလိဂ်အိပ်မက်ကို ဖျက်စီးဖို့ဖြစ်တယ်လို့ ဘာစီိလိုနာဘက်က ယူဆခဲ့ပြီး ခွဲတမ်းအရရရှိမယ့် ငွေကြေးကို လက်မခံဖို့ ဆုံးဖြတ်ခဲ့ကြောင်း Forbes ရဲ့ Manuel Veth က သူ့ရဲ့တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။ 

လာလီဂါကလည်း ဘာကာ၊ ရီးရဲလ်တို့ရဲ့ စူပါလိဂ်အိပ်မက်တွေကို မဖြစ်လာစေဖို့ ရည်ရွယ်နေပြီး ဘာစီလိုနာဘက်က ငွေကြေးထောက်ပံ့မှုကို လက်မခံမချင်း မက်ဆီကို အသင်းကစားသမားအဖြစ် မှတ်ပုံတင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားကြောင်း Veth က ဆိုပါတယ်။ နောက်ဆုံးမှာတော့ ဘာစီလိုနာက မက်ဆီကိုစွန့်လွှတ်ဖို့ကိုသာ ရွေးချယ်ခဲ့ပြီး အခုလိုအခြေအနေမျိုးဖြစ်လာခဲ့တယ်လို့ သူက ဆိုပါတယ်။ 

မက်ဆီဘက်ကလည်း အသင်းဘဏ္ဍာရေးအခြေအနေနဲ့ စည်းမျဉ်းတစ်ခုက သူ့ကို ဘာကာကစားသမားအဖြစ် မှတ်ပုံတင်ခွင့်ကို တားဆီးနေတယ်ဆိုတာကို သိခဲ့တယ်လို့ ဆိုပါတယ်။ ဘာစီလိုနာဘက်ကလည်း ဒီအကြောင်းကို မက်ဆီရဲ့ဖခင်ဆီအကြောင်းကြားခဲ့ပြီး အသင်းဘက်က ပွင့်လင်းမှုကို မက်ဆီက အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုစာချုပ်မချုပ်ဖို့ ဘာကာကဆုံးဖြတ်ခဲ့ချိန်မှာ မက်ဆီ Shock ဖြစ်သွားတယ်လို့ RAC1 က ဖော်ပြခဲ့ပြီး ကာယကံရှင်ကိုယ်တိုင်တောင် ဒီလိုဖြစ်လာမှုအတွက် အံ့အားသင့်နေလောက်တယ်လို့ ဆိုပါတယ်။ 



က္က