ပီအက်စ်ဂျီအသင်းနဲ့ ၂နှစ်စာချုပ်ချုပ်ဆိုခဲ့ပါပြီ။

မက်ဆီဟာ အသင်းပြောင်းဖို့အရေး ကြိမ်ဖန်များစွာ စဥ်းစားခဲ့ရပြီး ပြောင်းရွှေ့ ဖြစ်ဖို့အတွက် အဓိက အရေးပါသူ တွေကို ထုတ်ဖော်ပြောလာခဲ့တာပါ။

မက်ဆီဟာ ဘာစီလိုနာနဲ့ လမ်းခွဲအပြီးမှာတော့ ပီအက်စ်ဂျီအသင်းထံ အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိခဲ့ပါပြီ။



ဒီလို ပီအက်စ်ဂျီအသင်းကို ရွေးချယ်ဖြစ်ရတာနဲ့ ပတ်သက်ပြီး အဓိက ကျတဲ့ အရာတွေကို မက်ဆီက ပြောလာခဲ့ ပါတယ်။

ပီအက်စ်ဂျီ ကစားသမား အဖြစ်နဲ့ ပထမဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မက်ဆီက ပြောလာခဲ့တာ ဖြစ်ပြီး အဓိက အရေးပါခဲ့သူတွေက နည်းပြ ပွန်ချက်တီနိုနဲ့ ကစားဖော်ဟောင်းဖြစ်ခဲ့ဖူးသူ နေမာတို့ကြောင့်လို့ ဆို ပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်တုန်းက မက်ဆီ အသင်းပြောင်းမလို ဖြစ်နေချိန်မှာ ဘယ်အသင်းကို ပြောင်းမယ်လို့ တိတိ ကျကျ မသိရသေးတဲ့ အခိုက် နေမာက မဲဆွယ်ခဲ့ဖူးပါတယ်။

“ကျွန်တော်သူ့အကြောင်း ကောင်းကောင်းသိပါတယ်၊ကျွန်တော်တို့ဟာ အတွဲအဖက်ကောင်းအဖြစ် တစ်ဖန်ပြန်လည် ဖြစ်ခွင့်ရပြီး နေမာဟာ ကျွန်တော် ဒီကို ပြောင်းလာဖို့ အဓိက အကြောင်းပြချက် တစ်ခုလည်း ဖြစ်ပါတယ်။”လို့ မက်ဆီက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆုံးဖြတ်ချက် မချခင်မှာ နည်းပြ ဖြစ်သူ ပွန်ချက်တီနိုနဲ့လည်း စကားတွေ ကြိမ်ဖန်များစွာ ပြောဆိုခဲ့ သေးကြောင်း မက်ဆီက ပြောပါသေးတယ်။

“နည်းပြနဲ့ အဖွဲ့ဝင်တွေက ကြီးမားတဲ့ ညှိနှိုင်းပေးမှုတွေ လုပ်ပါတယ်၊ဒါကို သိလိုက်ရချိန်မှာ ပွန်ချက်တီနိုနဲ့ တောက်လျှောက် ဆွေးနွေးခဲ့ပါတယ်။အာဂျင်တီးနား နှစ်ယောက်ဖြစ်လို့ အသင်းကို ပိုလို့ အဆင်ပြေ စေကာ အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။”လို့လည်း မက်ဆီက ဆိုပါသေးတယ်။

မက်ဆီကတော့ ယခင် ဘာစီလိုနာ ကစားဖော်ဟောင်း နေမာ၊ လူငယ်ကြယ်ပွင့် ဘတ်ပေတို့နှင့်အတူ တိုက်စစ်ကို ဦးဆောင်ရတော့မှာ ဖြစ်ပါတယ်။



က္က