ဂျာစီရောင်းချရမှုကနေ ရခဲ့တာပါ။

ပီအက်စ်ဂျီအသင်းကို မက်ဆီပြောင်းရွှေ့မှုနဲ့အတူ နာမည်ကျော် NBA ကစားသမားဟောင်းမိုက်ကယ်ဂျော်ဒန်ဟာလည်း ပေါင် ၅ သန်းအထိ အကျိုးအမြတ်ရရှိခဲ့ပြီဖြစ်ပါတယ်။ Nike ရဲ့ Jordan အမှတ်တံဆိပ်ဟာ ပီအက််စ်ဂျီနဲ့ ၂၀၁၈ ခုနှစ်ကတည်းက လက်တွဲခဲ့တာဖြစ်ပြီးတော့ အဆိုပါသဘောတူညီချက်ကနေ ဂျော်ဒန်က များပြားလှတဲ့ငွေကြေးတွေ ရရှိခဲ့တာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းရဲ့ ဂျာစီပေါ်မှာ ဂျော်ဒန်အမှတ်တံဆိပ်ကို မြင်တွေ့နိုင်မှာဖြစ်ပြီး ဂျာစီရောင်းချရမှုကနေ ၅% အထိကို မိုက်ကယ်ဂျော်ဒန်က ရရှိခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီရဲ့ ဂျာစီရောင်းချရမှုဟာ စံချိန်တင်အရေအတွက်အထိ ဖြစ်လာခဲ့ပြီး ရောင်းမလောက်အောင်ကို ဝယ်လိုအားမြင့်တက်နေပြီး အသင်းအတွက်ရော၊ စပွန်ဆာရှစ်စာချုပ်ပါ ချုပ်ဆိုထားတဲ့ မိုက်ကယ်ဂျော်ဒန်အတွက် အမြတ်အစွန်းတွေအများကြီးရှိခဲ့ပါတယ်။

လက်ရှိမှာ မက်ဆီရဲ့ ဂျာစီကို ပေါင်သန်း ၁၀၀ ဖိုးအထိ ရောင်းချပြီးဖြစ်တာကြောင့် အသက် ၅၈ နှစ်အရွယ် မိုက်ကယ်ဂျော်ဒန်က ပေါင်ငါးသန်းအထိ ရရှိခဲ့တာဖြစ်တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ ဂျာစီရောင်းချရမှုဟာ ဒီလောက်နဲ့တင်မဟုတ်သေးဘဲ ထပ်မံမြင့်တက်လာဦးမယ်လို့ ယူဆရပြီး တစ်ရာသီလုံးအတွက်ဆိုရင် ဂျာစီပေါင်း ၂.၅ သန်းအထိ ရောင်းချရမယ်လို့ ကလပ်အသင်းဘက်က မျှော်လင့်ထားကြောင်း သိရပါတယ်။ 

ကိုဗစ်ကပ်ရောဂါကာလအတွင်း Jordan brand ရဲ့ တန်ဖိုးဟာ ၂၄%အထိ ကျဆင်းသွားခဲ့ပြီး NBA အကျော်အမော်ဟောင်းဟာ ဒေါ်လာ ၂.၁ ဘီလီယံကြွယ်ဝခဲ့ရာကနေ ဒေါ်လာ ၁.၆ ဘီလီယံအထိ ကျဆင်းသွားခဲ့ရပါတယ်။ အခုအခါမှာတော့ မက်ဆီကြောင့် သူ့ရဲ့အမှတ်တံဆိပ်တန်ဖိုးက ပြန်လည်မြင့်တက်လာဖွယ်ရှိနေပြီး လက်ငင်းအားဖြင့် အကျိုးအမြတ်တွေပါ ရရှိနေပြီဖြစ်ပါတယ်။

အခြားတဖက်မှာတော့ မက်ဆီကို လက်လွှတ်လိုက်ရတဲ့ ဘာစီလိုနာဟာ ဂျာစီရောင်းအား ၈၀% အထိကျဆင်းသွားတယ်လို့ သိရပါတယ်။ ဘဏ္ဍာရေးအခက်အခဲရှိနေတဲ့ ဘာကာအတွက် ပွဲနေ့တွေအတွက် ယူရို ၁၇ သန်း၊ ကုန်သွယ်မှုနဲ့သက်ဆိုင်မှုကနေ ယူရို ၄၃သန်း နဲ့ စီးပွားရေးအရဝင်ငွေ ယူရို ၇၇ သန်းအထိ လျော့နည်းသွားဖွယ်ရှိတယ်လို့လည်း Brand Finance က ခန့်မှန်းတွက်ချက်ထားပါတယ်။ 



က္က