လူစာရင်း မစဥ်းစားရသေးဘူးလို့ ပွန်ချက်တီနိုက ဆိုလာပါတယ်။

မက်ဆီဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်ခုလုံးကို ဘာစီလိုနာမှာသာ ကျင်လည်ခဲ့တာဖြစ်ပြီး ပီအက်စ် ဂျီက ပထမဆုံး အသင်းသစ် ဖြစ်လာမှာပါ။

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဘလွန်းဒီအော ၆ဆုရှင် မက်ဆီကို အလွတ်ခေါ်ယူနိုင်ခဲ့ပါတယ်။



အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ကစားဖော်ဟောင်း နေမာအပြင် နိုင်ငံအသင်းဖော် ဒီမာရီယာနဲ့ ပြင်သစ်ကြယ်ပွင့် ဘတ်ပေတို့နဲ့ တွဲဖက် ကစားခွင့်ရပါပြီ။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းနှင့်အတူ လာမယ့် သောကြာနေ့မှာ ကစားရမယ့် လီဂူးဝမ်းပွဲစဥ်ကိုတော့ ပါဝင်ကစား ပေးနိုင်ဖို့ မသေချာသေးပဲ ရှိနေပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်လုံး ဘာစီလိုနာ တစ်သင်းတည်းမှာသာ အချိန်ကုန်ဆုံးခဲ့တဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနှင့်အတူ ပထမဆုံး ပွဲထွက်လာဖို့ အတော်လေး စိတ်လှုပ်ရှား ရင်ခုန်နေကြ ပါတယ်။

ကစားသမား ကိုယ်တိုင်ကတော့ အသင်းသစ်နှင့်အတူ လေ့ကျင့်ခန်း အပြည့်အဝ ဆင်းနေနိုင်ပြီ ဖြစ်ပေမယ့် မက်ဆီရဲ့ နည်းပြ ဆရာအသစ် ဖြစ်လာတဲ့ ပွန်ချက်တီနိုကတော့ သူ့ ကစားသမားသစ်ကို ဘယ်ပွဲမှာ ပွဲဦးထွက် ကစားစေပြီး မျက်နှာပန်း လှစေနိုင်မလဲဆိုတာ ရွေးချယ် ဆုံးဖြတ်ရခက်နေဆဲ ဖြစ်ပါတယ်။

“သောကြာနေ့ ကစားသမားစာရင်းကိုတော့ မစဥ်းစားရသေးပါဘူး၊မက်ဆီ ပါဝင်နိုင်မလားဆိုတာလည်း ထည့်စဥ်းစားနေပါတယ်။ အရာအားလုံးကတော့ အေးဆေးပါပဲ။သူလည်း ကြံ့ခိုင်မှုပြည့်နေပြီး အသင်းနဲ့လည်း ရာနှုန်းပြည့် ပူးပေါင်း လေ့ကျင့် ကစားနေနိုင်ပါတယ်။အသင်းနဲ့အတူ အမြန်ဆုံး အထိုင်ကျလာမယ်လို့ ယုံကြည် ပါတယ်။”လို့ ပွန်ချက်တီနိုက ဆိုလာပါတယ်။

မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းသစ်နှင့်အတူ လာမယ့် သောကြာနေ့မှာကစားမယ့် ဘရက်စ်နဲ့ပွဲမှာ ပထမဆုံး ပွဲထွက် ပါဝင်လာမလား(သို့)မက်ဆီကို ပီအက်စ်ဂျီနဲ့ တွဲမြင်ဖို့ ကြန့်ကြာနေအုံးမလား ဆိုတာကလည်း စိတ်ဝင်စား ဖွယ် စောင့်ကြည့်သွားရတော့မှာပါ။



က္က