အသင်းအတွက် ကောင်းမွန်တဲ့ဖြည့်စွက်မှုလို့ ယုံကြည်နေတာပါ။

ရိုးမားကြယ်ပွင့်တိုက်စစ်မှူး အီဒင်ဒီဇီကိုဟာ အာဆင်နယ်အသင်းကနေ အငှားနဲ့ လာရောက်ကစားခဲ့ပြီး ပွဲဦးထွက်ပွဲစဉ်မှာပဲ အံ့အားသင့်ဖွယ်သွင်းဂိုး သွင်းယူပေးခဲ့တဲ့ အသင်းဖော်သစ် အမ်ခီတာယန်းကို အာဆင်နယ် ပြန်မသွားစေချင်ဘူးလို့ ပြောကြားခဲ့ကြောင်း Goal ရဲ့သတင်းအရ သိရပါတယ်။

ဆက်ဆူအိုလိုနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ယမန်နေ့က ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ရာမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ရိုးမားအသင်းအတွက် ယခုရာသီ ပထမဆုံးနိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပြီးနောက် ဘော့စနီးယားလက်ရွေးစင်ကြယ်ပွင့် ဒီဇီကိုက အမ်ခီတာယန်းအနေနဲ့ ရိုးမားအသင်းမှာ ကာလရှည်ဆက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်ခီတာယန်းဟာ ဥရောပအပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီမှာ အာဆင်နယ်အသင်းကနေ စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ ရိုးမားအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အာမေးနီးယားလက်ရွေးစင်ကြယ်ပွင့် အမ်ခီတာယန်းဟာ ၂၂ မိနစ်မှာ ရိုးမားအသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပြီး ရိုးမားအသင်းက ဆက်ဆူအိုလိုအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အမ်ခီတာယန်းက အသင်းဖော် လိုရန်ဇိုပယ်လီဂရီနီ ပေးပို့လိုက်တဲ့ ဘောလုံးကို ဆက်ဆူအိုလိုဂိုးသမား နေရာမယူနိုုင်ခင်မှာပဲ လျှပ်တပြက်ကန်သွင်းယူခဲ့ပြီး ရိုးမားအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးအဖြစ် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆက်ဆူအိုလိုနဲ့ပွဲစဉ်မှာ အသင်းဖော် အမ်ခီတာယန်း သွင်းဂိုးမတိုင်မီ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဒီဇီကိုက ပွဲအပြီးမှာ အသင်းဖော်သစ်ဖြစ်တဲ့ အမ်ခီတာယန်းအနေနဲ့ ရောမမှာ ရှည်လျားတဲ့အနာဂတ်ရှိလိမ့်မယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူ့ဆီကနေ အဲဒါကို မျှော်လင့်ထားပါတယ်။ သူ့ကို အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်အဖြစ် သိထားခဲ့တာပါ။ သူက တိုက်စစ်ဆင်ကစားချင်တဲ့ကျွန်တော်တို့အသင်းအတွက် အရမ်းကောင်းမွန်တဲ့ ဖြည့်စွက်မှုပါ”

“သူက ကျွန်တော်တို့အတွက် ကြီးမားတဲ့အကူအညီဖြစ်လိမ့်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာသိနေခဲ့ပြီးသားပါ။ ဒီအပြောင်းအရွှေ့အမှန်တကယ်ဖြစ်ပေါ်လာတာမြင်ရတာ ကျွန်တော် လုံးဝကို ပျော်ရွှင်မိပါတယ်”

“သူက အရမ်းကောင်းမွန်တဲ့ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ သူ ဒေါ့မွန်မှာ ကစားနေခဲ့တဲ့အချိန်တုန်းက ပုံစံကိုလည်း ကျွန်တော် မှတ်မိပါသေးတယ်။ သူက ကျွန်တော်တို့အတွက် ကြီးမားတဲ့ကစားသမားတစ်ဦးပါ။ ဒီနေရာမှာ သူ အကြာကြီးနေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။



က္က