ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်မှာ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပေါ်တူဂီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး နေးရှင်းလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် တစ်ဦးတည်း ဟက်ထရစ်သွင်းယူပြီး နောက်ထပ် အံ့အားသင့်ဖွယ် ကမ္ဘာ့ထိပ်တန်းခြေစွမ်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ တိုက်စစ်မှာ ဂျာအိုဖီလစ်နဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ကို အထောင်ထားပြီး လူစုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဆွစ်ဇာလန်အသင်းလည်း တိုက်စစ်မှာ ဆီဖီရိုဗစ်ကို အထောင်ထားပြီး ရှာကွီရီက နောက်ချန်တိုက်စစ်မှူးအဖြစ် ပွဲထွက်စေခဲ့သလို ကွင်းလယ်မှာ ဇာခါကို ဦးဆောင်စေခဲ့ပါတယ်။
ပထမပိုင်း ၂၅ မိနစ်မှာ ပေါ်တူဂီအသင်းက အလွတ်တည်ကန်ဘော ကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင် ခရစ်စတီယာနိုရော်နယ်ဒိုက ၎င်းရဲ့ကိုယ်ပိုင်ကန်သွင်းမှုပုံစံအတိုင်း ဘောလုံးကို ခြေဖျားနဲ့ပွတ်ကန်ပြီး ဆွစ်ဇာလန်ဂိုးသမား ရန်ဆွန်းမားကို လှုပ်ရှားချိန်တောင်မပေးဘဲ လှလှပပ အဖွင့်ဂိုး သွင်းယူသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဆွစ်ဇာလန်အသင်းက ပေါ်တူဂီအသင်းဘက်ကို ပိုမိုဖိအားပေးတိုက်စစ်ဆင်ကစားလာနိုင်ခဲ့ပေမယ့် တိုက်စစ်မှာ အဆုံးသတ်သေချာတဲ့ကစားသမားမရှိဘဲ ရှာကွီရီ၊ ဇာခါတို့ကိုသာ ချေပဂိုး ပြန်လည်ရရှိဖို့အတွက် အားကိုးနေခဲ့ရတာကို မြင်တွေ့ရပါတယ်။
၅၇ မိနစ်မှာ VAR ရဲ့အကူအညီကြောင့် ဆွစ်ဇာလန်အသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ဘောကို ရီကာဒိုရိုဒရီဂွက်ဇ်က အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့တာကြောင့် တစ်ဖက် ၁ ဂိုးစီ ညီမျှသွားခဲ့ပါတယ်။
၆၃ မိနစ်မှာ ပေါ်တူဂီအသင်းရဲ့ဝါရင့်နောက်ခံကစားသမား ပီပီ ဒဏ်ရာရရှိသွားတာကြောင့် ဟိုဆေးဖွန်တီနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ မိနစ် ၇၀ မှာ ခြေစွမ်းမပြသနိုင်တဲ့ ဘင်ဖီကာလူငယ်ကြယ်ပွင့် ဂျာအိုဖီလစ်ကို ထုတ်ပြီး ဂွန်ကာလိုဂွဲဒက်စ်ကို နည်းပြဆန်းတို့စ်က ထည့်သွင်းကစားစေခဲ့ပါတယ်။
ဒုတိယပိုင်း ပြီးဆုံးဖို့ ၁၀ မိနစ်သာ လိုတော့တဲ့အချိန်ဟာ ပွဲစဉ်ရဲ့အရှိန်အမြင့်ဆုံးအခိုက်အတံ့တွေဖြစ်ခဲ့ပြီး ၂ သင်းစလုံးက တိုက်စစ်ကို အစွမ်းကုန်ဖွင့်ပြီးကစားခဲ့ကြတာကို မြင်တွေ့ရပါတယ်။ ၈၈ မိနစ်မှာ ရော်နယ်ဒိုက ဘာနာဒိုဆေးလ်ဗားရဲ့ ညာတောင်ပံကနေ ပင်နယ်တီဧရိယာထဲကို ဖြတ်ပို့ပေးလိုက်တဲ့ဘောလုံးကို ပညာသားပါပါ ပိတ်သွင်းယူပြီး ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ပွဲပြီးဆုံးခါနီးမှာ ဦးဆောင်ဂိုး ရရှိခဲ့ပြီဖြစ်တာကြောင့် ဗိုလ်လုပွဲတက်ဖို့ သေချာသွားပြီဖြစ်ပေမယ့် ကစားအားကို မလျှော့ချဘဲ နောက်ဆုံးအချိန်အထိ ရေကုန်ရေခမ်း ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
မိနစ် ၉၀ မှာ ပေါ်တူဂီအသင်းဘက်ကို တိုက်စစ်စတင်ဖို့ ဇာခါ ကြိုးပမ်းရာမှာ ဘောလုံးပျက်သွားခဲ့ပြီး ဘာနာဒိုဆေးလ်ဗားက အသင့်နေရာယူထားတဲ့ ရော်နယ်ဒိုဆီ ပေးပို့ပေးလိုက်ပါတယ်။ ရော်နယ်ဒိုက ဘောလုံးရတာနဲ့တပြိုင်နက် ဆွစ်ဇာလန်အသင်းဂိုးပေါက်ဘက်ကို ဆွဲပြေးယူသွားခဲ့ပြီး ပင်နယ်တီဧရိယာထောင့်မှာ ဆွစ်ဇာလန်နောက်ခံကစားသမားတွေကို ခြေယောင်ပြလှည့်ထွက်ရင်း တတိယမြောက်ဦးဆောင်ဂိုးကို ကန်သွင်းယူသွားခဲ့ပါတယ်။