ကိုယ်စားလှယ်ကနေတဆင့် တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်နေတာပါ။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ဘတ်ပီဟာ လာမယ့်ရာသီမတိုင်မီမှာ ပီအက်စ်ဂျီအသင်းကို အချက် ၃ ချက်ပါဝင်တဲ့ တောင်းဆိုမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေဟာ အလိမ်အညာသတင်းတွေသာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘတ်ပီဟာ ၂၀၁၈-၂၀၁၉ ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၂၉ ပွဲပါဝင်ကစားပေးခဲ့ပြီး ၃၃ ဂိုးနဲ့ လီဂူးဝမ်းထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီးနောက် ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။



လီဂူးဝမ်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီးနောက် ဘတ်ပီဟာ စိန်ခေါ်မှုအသစ်တွေကို လိုချင်နေကြောင်း ရည်ညွှန်းတဲ့စကားတွေကို ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့မှာ @TransferChecker လို့ အမည်ရတဲ့ တွစ်တာအကောင့်က ဘတ်ပီဟာ ၎င်းရဲ့ကိုယ်စားလှယ်ကနေတဆင့် အချက် ၃ ချက်ကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ယင်းအချက် ၃ ချက်ကတော့ တောင်ပံနေရာထက် ကျောနံပါတ် ၉ အဖြစ် ကစားခွင့်ပေးအပ်ဖို့၊ ပင်နယ်တီအားလုံးကို ကန်သွင်းယူခွင့်ပေးဖို့နဲ့ အသင်းရဲ့ကစားကွက်ကို ၄-၄-၂ အဖြစ် ပြောင်းလဲပြီး တိုက်စစ်ကို ဦးဆောင်ခွင့်ပေးဖို့ စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။

ယမန်နေ့ညက ပြင်သစ်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အန်ဒိုရာအသင်းနဲ့ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ကြယ်ပွင့်တိုက်စစ်မှူးဘတ်ပီက ကလပ်အသင်းနဲ့လက်ရွေးစင်အသင်းအတွက် ဂိုး ၁၀၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ၎င်းရဲ့တွစ်တာအကောင့်ကနေတဆင့် ထွက်ပေါ်နေတဲ့သတင်းတွေကို ရယ်ရယ်မောမောနဲ့ ငြင်းပယ်သွားခဲ့ပါတယ်။

“စိတ်မကောင်းပါဘူး။ ခင်ဗျား တစ်ခု မေ့ကျန်ခဲ့ပါတယ်။ ကိုင်လီယန်ဘတ်ပီက ဂိုးသမားအဖြစ်နဲ့လည်း ကစားချင်နေပါတယ်”လို့ ဘတ်ပီက ၎င်းရဲ့တွစ်တာအကောင့်မှာ ရယ်မောနေတဲ့ ရုပ်ပြောင်ပုံနဲ့အတူ ရေးသားခဲ့ပြီး ယင်းစာသားအောက်မှာ သတင်းမှားတွေလို့ ထပ်မံဖြည့်စွက်ရေးသားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က