လာမာစီယာ အကယ်ဒမီရဲ့ နှစ် ၄၀ ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုပြီး အဝါရောင်ဂျာစီသုံးခဲ့ပေမယ့် ၂၀၁၆-၁၇ ခုနှစ်က ပဲလေ့စ်အသင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီနဲ့ တူညီနေခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ လာမယ့် ရာသီသစ်မှာ ဝတ်ဆင်မယ့် အသင်းရဲ့ အဝေးကွင်းဂျာစီကို မနေ့က ထုတ်ဖော်ပြသခဲ့ရာမှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ တန်းစီနေတဲ့အကြောင်း Daily Mail သတင်းဌာန ကဖော်ပြပါတယ်။
ဘာစီလိုနာအသင်းရဲ့ အဝေးကွင်းဂျာစီကတော့အဝါရောင်ဖြစ်ပြီး ဒီအရောင်ကိုတော့ အသင်းရဲ့ လာမာစီယာ အကယ်ဒမီဖွင့်လှစ်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ အဝါရောင်ဂျာစီပေါ်မှာ၁၉၇၉ ခုနှစ်က ချုပ်လုပ်ဝတ်ဆင်ခဲ့တဲ့ဒီဇိုင်းကို ပြန်လည်အခြေခံပြီး အသင်းရဲ့ ရိုးရာ အရောင်တွေ ဖြစ်တဲ့ အနီနဲ့အပြာစင်းကြောင်းနှစ်ခု ပြေးထားတဲ့ဒီဇိုင်းကို ပုံဖော်ခဲ့တာပါ။
ဒီလို အသင်းရဲ့ အဝေးကွင်း ဝတ်စုံ ထုတ်ဖော်လာပြီးမှာပဲ ပရိသတ်အချို့က ဒီဒီဇိုင်းဟာ၂၀၁၆-၁၇ တုန်းက ပရီးမီးယားလိဂ် ကလပ်ခရစ္စတယ်ပဲလေ့စ်အသင်း ဝတ်ဆင်ခဲ့တဲ့ အဝေးကွင်းဂျာစီဒီဇိုင်းနဲ့ ဆင်တူနေတယ် ဆိုတဲ့အကြောင်း ထုတ်ဖော်နှိုင်းယှဉ်လာခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးဆိုရင် ဒီဝတ်စုံကိုမြင်ပြီးပဲလေ့စ်အသင်း ဝတ်စုံသတိရအောင် လုပ်နေတာလားဆိုပြီး သရော် စာ ရေးသားခဲ့တာလည်း တွေ့ရပါတယ်။ အခြား ပရိသတ်တစ်ဦးကလည်း “ ဘယ်လိုတောင် ပဲလေ့စ်အသင်းရဲ့ ဂျာစီကို တုပလိုက်တာလည်း ဘာစီလိုနာ? မရှက်ဘူးလား? ဆိုပြီး မေးခွန်းထုတ်ထားသလို နောက်တစ်ဦးကလည်း “ပဲလေ့စ်ရေ ဒါမင်းလား” ဆိုပြီး လှောင်ပြောခဲ့ပါသေးတယ်။
ယခု ထုတ်လုပ်လိုက်တဲ့ ဘာစီလိုနာအသင်းရဲ့ ဂျာစီဒီဇိုင်းအနေနဲ့ ပဲလေ့စ်အသင်းရဲ့ ဒီဇိုင်းနဲ့ အနည်းငယ်သာ ကွဲလွဲနေခဲ့တာ ဖြစ်ပြီး စလွယ်ချထားတဲ့ အရောင်နှစ်ခုက ဘယ်နဲ့ညာ မတူတာရယ် လည်ပင်းကို အဝါရောင်တစ်ဆက်တည်း သုံးထားပြီး လက်မောင်းပတ်တွေမှာ ဘာစီလိုနာကအမဲရောင် သုံးထားကာ ပဲလေ့စ်ကတော့ အနီနဲ့အပြာစပ်ကြားကို အသုံးပြုထားတာသာ ကွဲလွဲမှုရှိနေတာ တွေ့ရမှာပါ။