ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ယမန်နေ့ညက ရီးရဲဗယ်လာဒိုးလစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးကန်သွင်းခွင့် ၂ ကြိမ်ရရှိခဲ့ပေမယ့် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုုနာအသင်းနဲ့ ဗယ်လာဒိုးလစ်အသင်းတို့ရဲ့ပွဲစဉ်ဟာ တစ်ပွဲလုံးအကြိတ်အနယ်ရှိခဲ့ကြပြီး ၄၃ မိနစ်မှာ ဘာစီလိုနာအသင်းက ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ရရှိခဲ့ပါတယ်။ ပင်နယ်တီပြစ်ဒဏ်ဘောကို မက်ဆီက ကန်သွင်းယူခဲ့ပြီး ဘာစီလိုနာအသင်းက အဖွင့်ဂိုးရရှိသွားခဲ့ပါတယ်။
ယင်းပင်နယ်တီပြစ်ဒဏ်ဘောကြောင့် မက်ဆီဟာ ကစားသမားဘဝ စံချိန်ကောင်းတစ်ခုကို ရရှိခဲ့ပြီး ၁၁ ရာသီဆက်တိုက် ပြိုင်ပွဲစုံမှာ အနည်းဆုံး သွင်းဂိုး ၃၀ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒုတိယပိုင်း ၈၅ မိနစ်မှာ ဘာစီလိုနာအသင်းက နောက်ထပ်ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး မက်ဆီ ကန်သွင်းခဲ့ရာမှာ ရီးရဲဗယ်လာဒိုးလစ်ဂိုးသမား ယော်ဒီမာဆစ်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။
မက်ဆီဟာ လက်ရှိအချိန်အထိ လာလီဂါ ၂၂ ပွဲမှာ ၂၂ ဂိုးသွင်းယူထားပြီး ဂိုးသွင်းနှုန်းဟာ တစ်ပွဲကို ပျမ်းမျှ ၁ ဂိုး ရှိနေတာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ယခုရာသီ ကိန်းဂဏန်းတွေအပြင် ကစားသမားဘဝ စံချိန်ကောင်းတစ်ခုကိုပါ ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၁၁-၂၀၁၂ ရာသီတုန်းက ပွဲ ၆၀ ကစားပြီး ၇၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ယင်းဂိုးတွေထဲက သွင်းဂိုး ၅၀ ဟာ လာလီဂါ ၃၇ ပွဲအတွင်း သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၄၄၀ မှာ လာလီဂါသွင်းဂိုး ၄၀၅ ဂိုးအထိ သွင်းယူထားတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းသမိုင်းမှာ လိုက်မီဖို့ ခက်ခဲတဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။