ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီကတည်းက ဒဏ်ရာရရှိခဲ့တာပါ။
Kg Htet

ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကန်တေဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီလေ့ကျင့်ရေးအစီအစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ပြင်သစ်အသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်လူစာရင်းကနေ နုတ်ထွက်သွားခဲ့ရပြီဖြစ်တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

ကန်တေဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ပြင်သစ်အသင်း လူစာရင်းကနေ ဖယ်ရှားခြင်းခံခဲ့ရတာဖြစ်တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ ကန်တေဟာ အာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ လေ့ကျင့်ရေးမှာ ဒူးဒဏ်ရာရရှိခဲ့ပေမယ့် ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။



အာဆင်နယ်နဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ ကန်တေရဲ့ကြံ့ခိုင်မှုကို ညွှန်ပြခဲ့ပြီး ကန်တေဟာ ဇွန်လ ၈ ရက်နဲ့ ၁၁ ရက်နေ့မှာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမယ့် တူရကီနဲ့ အန်ဒိုရာအသင်းတို့နဲ့ပွဲစဉ်အတွက် ပြင်သစ်အသင်းလူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကန်တေဟာ ဇွန်လ ၂ ရက်နေ့က ဘိုလစ်ဗီးယားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားပေးခဲ့ခြင်းမရှိဘဲ ယင်းအချိန်ကတည်းက အသင်းဆေးအဖွဲ့က ကစားဖို့ ခွင့်မပြုခဲ့တာကြောင့် လူစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်အသင်းဆေးအဖွဲ့က ကန်တေအနေနဲ့ ပြင်သစ်အသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာပါ ပါဝင်ကစားဖို့ အခြေအနေမရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာကြောင့် ယမန်နေ့ညနေမှာပဲ ကန်တေဟာ ပြင်သစ်အသင်းကနေ ထွက်ခွာသွားခဲ့ပြီလို့ သိရပါတယ်။

“ကန်တေရဲ့ညာဖက်ဒူးဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အသင်းဆေးဝန်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ နည်းပြဒက်စ်ချမ့်က သောကြာနေ့နံနက်မှာ တူရကီနိုင်ငံ၊ ကွန်ရာကို ထွက်ခွာဖို့ စီစဉ်ထားတဲ့အချိန်မတိုင်မီ ချယ်ဆီးအသင်းက လက်ရွေးစင်ကွင်းလယ်ကစားသမားကို အသင်းလူစာရင်းကနေ ထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က