ကိုးမန်းရဲ့ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့တာပါ။
Pyae Phyo Thein

ထိပ်တန်းအသင်းနှစ်သင်းရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ ပညာကုန်ထုတ်ကစားခဲ့မှုနဲ့အတူ ကြည့်ကောင်းခဲ့ပါတယ်။ နှစ်ဖက်ကစားသမားအားလုံးလိုလို သူတို့ရဲ့ စွမ်းရည်ကို ပြသခဲ့ပြီး တစ်ဦးချင်းစီရဲ့ ဘောလုံးပညာကျွမ်းကျင်ပြည့်ဝမှုတွေကိုပါ မြင်တွေ့ခဲ့ရပြီး စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေကို ဖန်တီးနိုင်ခဲ့လို့ ကြည့်ရကျိုးနပ်ခဲ့ပါတယ်။ 

အဓိကကစားသမားအစုံအလင်နဲ့ ပွဲထုတ်လာခဲ့ကြပြီး အနိုင်ရဖို့အတွက် ကြိုးပမ်းခဲ့ကာ အပြိုင်အဆိုင်တိုက်စစ်ဆင်မှု၊ ကာကွယ်မှုတွေနဲ့ ပွဲကအသက်ဝင်ခဲ့ပါတယ်။ သွင်းဂိုးတွေမြင်တွေ့ခွင့်ရဖို့အတွက် အချိန်စောင့်ခဲ့ရပေမယ့်လည်း အပိုင်အခွင့်အရေးတွေ ကိုယ်စီရရှိခဲ့ကြပြီး နှစ်ဖက်အသင်းဂိုးသမားတွေလက်စွမ်းပြခဲ့ကြလို့ ဂိုးတွေမြင်ရဖို့ ကြန့်ကြာခဲ့တာပါ။

နေမာ၊ ဒီမာရီယာနဲ့ ဘတ်ပီတို့ ပထမပိုင်းမှာ အခွင့်အရေး သုံးလေးကြိမ်ထက်မနည်းရရှိခဲ့ပါတယ်။ နေမာရဲ့ ကန်သွင်းချက်က နူအာပေါင်ကြားထဲကနေထွက်ခဲ့ပြီးခါမှ ထောက်ထားခဲ့တဲ့လက်နဲ့ထိခဲ့လို့ နစ်နာခဲ့ရသလို လျှံထွက်လာတဲ့ဘောလုံးကို ပြန်ပေးပို့ခဲ့ရာမှာလည်း နူအာကာကွယ်ပြနိုင်ခဲ့ပါတယ်။ ဒီမာရီယာရဲ့ အနီးကတ်ပိတ်သွင်းချက်က ဂိုးဘားတန်းပေါ်ကျော်သွားခဲ့ပြီး ဘတ်ပီကလည်း ဟာရဲရားရဲ့ ပေးပို့မှုကနေ သေချာပေါက်ဂိုးရမယ့်အနေအထားမှာ ဂိုးသမားတည့်တည့်ကိုကန်မိခဲ့လို့ နစ်နာခဲ့ပါတယ်။

ဘိုင်ယန်ဘက်ကလည်း လီဝန်ဒေါစကီးရဲ့ အပိုင်ကန်သွင်းချက် တိုင်ထိထွက်ခဲ့ပြီး အနီးကပ်ခေါင်းတိုက်သွင်းယူမှုကိုလည်း နာဗက်စ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ပွဲကမြိုင်ဆိုင်ခဲ့ပြီး နှစ်သင်းကစားသမားတွေ တိုက်စစ်ဆင်လာတိုင်းမှာ ဘာလုပ်ပြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့ရပါတယ်။ 

ဒုတိယပိုင်းမှာတော့ ဘိုင်ယန်က ကစားကွက်အနည်းငယ်အသာစီးရရှိခဲ့ပြီး တိုက်စစ်က ပိုရုန်းကစားလာခဲ့ပါတယ်။ ဒါကြောင့်လည်း ၅၉ မိနစ်မှာ ကင်မစ်ချ်ရဲ့ လှလှပပမတင်ပေးမှုကနေ ကိုးမန်းက အပိုင်ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးရယူသွားခဲ့ပါတယ်။ ကင်မစ်ချ်ရဲ့ အမြင်စူးရှမှုနဲ့ ကိုးမန်းရဲ့ အဆုံးသတ်သေချာမှုတို့ကို မြင်ခဲ့ရပြီး ပီအက်စ်ဂျီကို ဖိအားပေးသွားခဲ့ပါတယ်။ 


ပီအက်စ်ဂျီက ချက်ချင်းတိုက်စစ်ပြန်ဆင်ပြီး ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ဘိုင်ယန်နောက်တန်းက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီမာရီယာရဲ့ ဖန်တီးပေးမှုကနေ မာကွင်ဟို့စ်ကန်သွင်းချက်ကို နူအာက ခြေထောက်နဲ့ဟန့်တားနိုင်ခဲ့ပြီး ပီအက်စ်ဂျီချေပဂိုးနဲ့ ဝေးခဲ့ပြန်ပါတယ်။ နည်းပြနှစ်ဦးစလုံး လူစားလဲလှယ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အားဖြည့်ခဲ့ကာ ကျန်မိနစ်တွေမှာ ဘိုင်ယန်က အနိုင်ဂိုးကိုထိန်းကစားဖို့ ပိုမိုရည်ရွယ်ခဲ့ပါတယ်။ 

ဒီနောက်တော့ ဘိုင်ယန်တို့ ကိုးမန်းရဲ့အနိုုင်ဂိုးကို အကောင်းဆုံးထိန်းသိမ်းနိုင်ခဲ့ပြီး ၁-၀ နဲ့ အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက်ဆွတ်ခူးခဲ့ပြီး တစ်ရာသီအတွင်း အဓိကဖလားသုံးလုံးကို တစ်ပြိုင်နက်တည်းရယူနိုင်ခဲ့ပါတယ်။ ဟန်ဆီဖလစ်ကတော့ ဘိုင်ယန်နည်းပြဘဝ ပထမဆုံးရာသီမှာပဲ မှတ်တမ်းကောင်းပိုင်ဆိုင်ခဲ့ပြီး အသင်းကိုအကောင်းဆုံးဦးဆောင်လမ်းညွှန်ပေးသွားခဲ့ပါတယ်။ 


Author


က္က