ကာဗာဂျယ်ကို အသင်းခေါင်းဆောင်လက်ပတ် ပေးဖို့ အစ္စကိုက ကတိပေးခဲ့တာပါ။
Pyae Phyo Thein

ဘောလုံးပွဲတစ်ပွဲရဲ့ နောက်ကွယ်မှာ အခြားသော စိတ်ဝင်စားစရာ ဖြစ်ရပ်တွေကလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေကျပါ။ အခုလည်း မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ စီအက်စ်ကေအေတို့ရဲ့ ပွဲစဉ်မှာ အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခုအဖြစ် ရီးရဲလ်ကွင်းလယ်လူ အစ္စကိုက အသင်းခေါင်းဆောင်လက်ပတ်ကို လွှဲပြောင်းရယူဖို့အတွက် ငြင်းဆန်မှု ဖြစ်ပွားခဲ့ပါတယ်။


စီအက်စ်ကေအေနဲ့ပွဲမှာ အသင်းခေါင်းဆောင် ရာမို့စ် မပါဝင်ခဲ့ပဲ ရှိခဲ့ပြီးနောက် မာဆယ်လိုက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။ မာဆယ်လိုကို လူစားလဲလှယ်ချိန်မှာ သူ့ရဲ့ အသင်းခေါင်းဆောင် ရာထူးကို အစ္စကိုထံ လွှဲပြောင်းပေးအပ်ဖို့အတွက် ပြုလုပ်ခဲ့စဉ်မှာ အစ္စကိုက ငြင်းဆန်ခဲ့တာဖြစ်ပြီး ကာဗာဂျယ်ကိုသာ ပေးအပ်ဖို့ တိုက်တွန်းသွားခဲ့တယ်လို့ Marca က ဖော်ပြသွားခဲ့ပါတယ်။

"အစ္စကို ကို အသင်းခေါင်းဆောင် လက်ပတ်ပတ်ပေးဖို့ ကျွန်တော် ကြိုးစားခဲ့ပေမယ့် သူက ကာဗာဂျယ်ကိုသာ ပေးဖို့ ကျွန်တော့်ကို ပြောသွားခဲ့ပါတယ်၊ ဘာလို့လဲဆိုတာတော့ ကျွန်တော် မသိဘူး" လို့ မာဆယ်လိုက ပွဲအပြီးမှာ ပြောပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ အသင်းခေါင်းဆောင် ရာထူးကို ရာမို့စ်၊ မာဆယ်လို၊ ဘန်ဇီမာ၊ ဗာရာနီ၊ နာချို၊ ဘေးလ်၊ မိုဒရစ် နဲ့ အစ္စကိုတို့က အစဉ်လိုက်ရယူထားကြပါတယ်။

အစ္စကိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၁၃ ခုနှစ် ဇွန်လ (၂၆)ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး ကာဗာဂျယ်ကတော့ ၂၀၁၃ ခုနှစ် ဇွန်လ (၃)ရက်နေ့မှာ လေဗာကူဆင်အသင်းကနေ ပြန်လည်ဝယ်ယူခွင့် သဘောတူညီမှုနဲ့ ရီးရဲလ်က ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ကာဗာဂျယ်က စီနီယာပိုကျတဲ့ ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။

မီလီလာအသင်းနဲ့ ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ အစ္စကိုက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီးနောက် နောက်ထပ်တစ်ကြိမ် အဆိုပါအခွင့်အရေး ရှိလာခဲ့ပါက ကာဗာဂျယ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဖို့အတွက် ကတိပေးထားခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက် စီအက်စ်ကေအေနဲ့ပွဲမှာ မာဆယ်လိုကို နည်းပြဆိုလာရီက (၇၄)မိနစ်မှာ လူစားလဲလှယ်ခဲ့ချိန်မှာတော့ အစ္စကိုက ကာဗာဂျယ်ကိုသာ အသင်းခေါင်းဆောင်အဖြစ် လွှဲပေးခဲ့ဖို့ ညွှန်ကြားသွားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က