စပါဒါဖိုရာကတော့ မနေ့ကပြုလုပ်ခဲ့တဲ့ အီတလီဘောလုံးအဖွဲ့ချုပ်၊ ကစားသမားများအစည်းအရုံး၊ စီးရီးအေအဖွဲ့ချုပ်တို့နဲ့ တွေ့ဆုံအပြီးမှာ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
၃ လကြာရပ်နားထားခဲ့ပြီးနောက် အီတလီစီးရီးအေပွဲတွေကို ဇွန်လ ၂၀ ရက်နေ့မှာ ပြန်လည်စတင်တော့မယ်လို့ အီတလီအားကစားဝန်ကြီးဗင်ဆန်ဇိုစပါဒါဖိုရာက မနေ့ကအတည်ပြုသွားခဲ့ပါတယ်။ မတ်လ ၉ ရက်နေ့က စတင်ပြီးရပ်နားထားခဲ့တာဖြစ်ကာ ဒီလအစောပို်င်းမှာတော့ ကလပ်အသင်းတွေကို လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ခွင့်ပေးထားခဲ့ပါတယ်။
ဒါပေမယ့် အီတလီမှာ ဇွန်လ ၁၅ ရက်နေ့အထိ အားကစားပွဲတွေကို မပြုလုပ်ဖို့တားမြစ်ထားပြီး အီတလီဝန်ကြီးချုပ်ဂူဆက်ပီကွန်တီက ဘယ်လိုအားကစားပြိုင်ပွဲမဆိုမပြုလုပ်ရဘူးဆိုတဲ့တားမြစ်ချက်ကို လိုက်နာဖို့အတွက်လည်း သတိပေးထားခဲ့ပါတယ်။ ဒါပေမယ့် စပါဒါဖိုရာကတော့ မနေ့ကပြုလုပ်ခဲ့တဲ့ အီတလီဘောလုံးအဖွဲ့ချုပ်၊ ကစားသမားများအစည်းအရုံး၊ စီးရီးအေအဖွဲ့ချုပ်တို့နဲ့ တွေ့ဆုံအပြီးမှာ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
စပါဒါဖိုရာရဲ့ ပြောဆိုမှုတွေထဲမှာ ကိုပါအီတာလီယာဖလားပြိုင်ပွဲတွေကို စီးရီးအေပွဲစဉ်တွေထက် တစ်ပတ်စောပြီး ကျင်းပနိုင်တယ်လို့လည်း သိရပါတယ်။ ကိုပါအီတာလီယာပွဲစဉ်တွေကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ဖလားပွဲတွေကို အရင်ဦးဆုံး အပြီးသတ်နိုင်စေဖို့အတွက် ရည်ရွယ်ဟန်ရှိတယ်လို့ ယူဆရပါတယ်။
"နောက်တဖန်ပြန်လည်စတင်သွားဖို့အတွက် အီတလီက အသင့်ဖြစ်နေပါပြီ၊ ဘောလုံးပွဲတွေ ပြန်လည်ကစားနိုင်မှသာ ပုံမှန်အတိုင်းပြန်သွားနိုင်တယ်လို့ ဆိုရမှာပါ၊ ကျွန်တော်တို့ပြောနိုင်တာကတော့ ဇွန်လ ၂၀ ရက်နေ့မှာ လိဂ်ပွဲတွေကို ပြန်စတင်နိုင်မယ်ဆိုတာပါပဲ၊ အီတလီဖလားဆီမီးပွဲတွေကိုတော့ ဇွန် ၁၃ နဲ့ ဇွန် ၁၇ တို့မှာ ကစားနိုင်ချေလည်းရှိပါတယ်" လို့ စပါဒါဖိုရာက သတင်းထောက်တွေကို ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
စီးရီးအေပွဲစဉ်တွေကတော့ ၁၂ပွဲအထိ ကျန်ရှိနေပြီး ပွဲကျန်လေးပွဲလည်း ကျန်ရှိနေပါသေးတယ်။ လက်ရှိမှာ ဂျူဗင်တပ်စ်က အမှတ်ပေးဇယားမှာ လာဇီယိုထက် တစ်မှတ်အသာနဲ့ ဦးဆောင်နေပြီး တတိယနေရာမှာတော့ အင်တာမီလန်အသင်းက ဂျူဗီနဲ့ ၉ မှတ်အကွာမှာ ရှိနေခဲ့ပါတယ်။