စီးရီးအေမှာ ပထမဆုံးအကြိမ် ကစားခဲ့တဲ့ ရာသီမှာပဲ ရော်နယ်ဒိုက ခြေစွမ်းပြနိုင်ခဲ့လို့ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ဆက်လက်ရှိရပ်တည်နေဆဲလို့ နာနီက ယူဆခဲ့ပါတယ်။
စီးရီးအေရဲ့ ကစားရခက်ခဲတဲ့ လိဂ်တစ်ခုမှာ သွင်းဂိုး (၂၀)ကျော်အထိ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရှိနေဆဲလို့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ အသင်းဖော်တွေဖြစ်ခဲ့တဲ့ နာနီက ပြောဆိုလိုက်ပါတယ်။ နာနီဟာ စီးရီးအေကလပ် လာဇီယိုအသင်းမှာ ကစားခဲ့ဖူးသူဖြစ်ပြီး အီတလီလိဂ်ရဲ့ ကစားရခက်ခဲပုံအကြောင်းကို အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ (၄၃)ပွဲကစားပြီး (၂၈)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် အဆိုပါသွင်းဂိုးအရေအတွက်ဟာ (၁၀)နှစ်အတွင်း သူ့အတွက် သွင်းဂိုးအနည်းဆုံးဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နာနီက ယူနိုက်တက်နဲ့ ပေါ်တူဂီအသင်းဖော်ဟောင်းဟာ အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့တယ်လို့ Omnisport နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။
အော်လန်ဒိုစီးတီးအသင်းရဲ့ တောင်ပံကစားသမားက "သူ့အတွက် အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့ပါတယ်၊ သူ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ အီတလီမှာ ကစားရတာက မလွယ်ကူပါဘူး၊ ဘာလို့လဲဆိုတော့ အီတလီမှာက နည်းစနစ်ပိုင်းအရ ကစားရတာ အရမ်းခက်ခဲပြီး ခံစစ်ကစားသမားတွေရဲ့ ခံစစ်ပိုင်းကျွမ်းကျင်မှုကလည်း တော်တော်လေးမြင့်မားလို့ပါ"
"ဒါတောင်မှ သူ ဂိုးတွေ အများကြီးသွင်းနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးအဖြစ် ဆက်လက်ရပ်တည်နေဆဲပါ၊ သူ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်" လို့ နာနီက အသင်းဖော်ဟောင်းကို ချီးကျူးခဲ့ပါတယ်။ ရော်နယ်ဒိုက စီးရီးအေသွင်းဂိုး (၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ စီးရီးအေအမှတ်ပေးဖလားနဲ့ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
ရော်နယ်ဒို နဲ့ နာနီတို့ကတော့ ယူနိုက်တက်မှာ အသင်းဖော်တွေအဖြစ် ကစားခဲ့ပြီး ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို အတူတူဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၆ ယူရိုဖလားကို ဆွတ်ခူးနိုင်ခဲ့သူတွေဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုက ၂၀၀၉ ခုနှစ်မှာ ယူနိုက်တက်က ထွက်ခွာခဲ့ပြီး နာနီကတော့ ၂၀၁၄ မှာ အသင်းကနေ ထွက်ခွာခဲ့ကြပါတယ်။