ဒီကနေ့ည မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၁ နာရီခွဲမှာ ကစားပါမယ်။
Kyaw Ko Ko Sint

အေဂျက်အသင်းသားတွေရဲ့ ပျမ်းမျှအသက်က ၂၄ နှစ်ဝန်းကျင်ဖြစ်ပြီး စပါးအသင်းကတော့ အေဂျက်နဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး ၂ ပွဲဆက် အနိုင်ယူထားနိုင်ပါတယ်။

စပါးအသင်းကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲမက်ဒရစ်၊ဂျူဗင်တပ်အသင်းတွေကို ကျော်ဖြတ်လာခဲ့ တဲ့ အေဂျက်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဓိက ကစားသမားတွေ ဖြစ်တဲ့ တိုက်စစ်မှူး ကိန်းနဲ့ ဆွန်ဟောင် မင်တို့ကို လက်လွှတ်ထားရပါတယ်။

အနိုင်ရခဲ့မယ်ဆိုရင်တော့ တဖက် ဘာစီလိုနာ - လီဗာပူး နှစ်သင်းထဲက အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။ အေဂျက်အသင်းနဲ့ စပါးအသင်းတို့ရဲ့ တွေ့ဆုံမှုမှာတော့ သိသာထင်ရှားစေတဲ့ ကိန်းဂဏန်းများစွာကို လည်း Sportskeeda သတင်းဌာနက ဖော်ပြလာပြီး ဒီ ကိန်းဂဏန်းတွေက ဒီနှစ်သင်းတွေ့ဆုံမှုကို ဇာတ်ရှိန်ပို မြှင့်ပေးနိုင်မှာပါ။

၁ - အေဂျက်အသင်းဟာ အင်္ဂလန်ကလပ်တွေနဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး ၆ ပွဲမှာ တစ်ပွဲသာနိုင်ဖူးပြီး အဆိုပါ နိုင်ပွဲကလည်း ၂၀၁၂ အောက်တိုဘာတုန်းက မန်စီးတီးကို အနိုင်ရထားတာပါ။

၂ - စပါးအသင်းကတော့ အေဂျက်နဲ့တွေ့ဆုံထားတဲ့ နောက်ဆုံး ၂ ပွဲစလုံး အနိုင်ရထားပြီး ၁၉၈၁-၈၂ တုန်းက အဝေးကွင်းမှာ ၃-၁ နဲ့နိုင်သလို အိမ်ကွင်းမှာလည်း ၃-၀ နဲ့ ထပ်မံ အနိုင်ယူထားတာပါ။

၁၂ - အေဂျက်နဲ့ ဆီမီး ပ-ကျော့ကို လွဲချော်နေတဲ့စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၂ ဂိုးထိသွင်းထားလို့ အာရှကစားသမားတွေထဲမှာ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် မှတ်တမ်း ဝင်နေပါတယ်။

၄၀ - စပါးအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိလာတဲ့ အသင်း ၄၀ မြောက်အသင်းဖြစ်ပြီး အင်္ဂလန်ကလပ်အသင်းအဖြစ်တော့ ၈ သင်းမြောက်အသင်းဖြစ်လာခဲ့ပါတယ်။

၂၂ - အေဂျက်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၂၂ နှစ်အကြာမှာ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၁၉၉၆-၉၇ တုန်းက ဂျူဗင်တပ်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။

၈ - စပါးဟာ နောက်ဆုံး ကစားထားတဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ၁၀ ပွဲမှာ ၈ ပွဲ အနိုင်ရလဒ် စွမ်းဆောင်ထားနိုင်ပြီး နောက်ဆုံး ၄ ပွဲဆက် အိမ်ကွင်းနိုင်ထားပါတယ်။

၃ - အေဂျက်အသင်းကလည်း ချန်ပီယံလိဂ် နောက်ဆုံး အဝေးကွင်း ၃ ပွဲဆက် အနိုုင်ရထားပြီး ဂျူဗင်တပ်နဲ့ ရီးရဲတို့ကို အနိုင်ယူခဲ့တာပါ။

၂၄ - အေဂျက်အသင်းရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပါဝင်လာတဲ့ ကစားသမားတွေရဲ့ ပျမ်းမျှအသက်ဟာ ၂၄ နှစ်နဲ့ ၂၅၇ ရက်မှာသာ ရှိပြီး ဆီမီးဖိုင်နယ် ၄ သင်းမှာ အသက်အငယ်ဆုံးအသင်းလည်း ဖြစ်ပါတယ်။

အဆိုပါကိန်းဂဏန်းတွေကတော့ စပါး - အေဂျက်ပွဲကို ပိုမို ဇာတ်ရှိန်မြှင့်စေမယ့် အရာတွေ ဖြစ်ပြီး လာမယ့် တွေ့ဆုံမှုမှာ ဘယ်အသင်းက အနိုင်ယူသွားနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။


က္က