မက်ဆီ နဲ့ ဆွာရက်ဇ်တို့ မပါဝင်မှုကို အခွင့်ကောင်းယူခဲ့တာပါ။
Pyae Phyo Thein

စပိန်ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆီဗီလာ နဲ့ ဘာစီလိုနာတို့ မနေ့ညက ကစားခဲ့ရာမှာ ဆီဗီလာက အိမ်ကွင်းမှာ ဘာစီလိုနာကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပထမအကျော့ပွဲစဉ်အဖြစ် ကစားခဲ့ရတာ ဖြစ်လို့ ဘာစီလိုနာအတွက် နူးကမ့်မှာ အခွင့်အရေး ရှိနေပေမယ့်လည်း ဂိုးပြတ်အရေးနိမ့်ခဲ့ရတာက ခက်ခဲမှုတွေနဲ့ ရုန်းကန်စေရမှာ ဖြစ်ပါတယ်။



ဘာစီလိုနာမှာ အဓိကတိုက်စစ်မှူး မက်ဆီ နဲ့ ဆွာရက်ဇ်တိ့ု ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပဲ အသစ်ခေါ်ယူထားတဲ့ ဘိုတန်ကို ကာလက်စ်အယ်လီနာ၊ မယ်လ်ကွန်တို့နဲ့ တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာ နေရာပေးခဲ့ပါတယ်။ ကွင်းလယ်မှာတော့ အာသာ၊ ရာကီတစ် နဲ့ ဗီဒယ်တို့ပါဝင်ခဲ့ပြီး ဆယ်လ်မီဒို၊ လန်ဂ်လက်၊ ပီကေး နဲ့ ဆာဂျီယိုရောဘတ်တိုတို့လည်း ပါဝင်ခဲ့ပါတယ်။

ဆီဗီလာကတော့ အိမ်ကွင်းမှာ လူစုံထုတ်သုံးပြီး ဘာစီလိုနာကို ရင်ဆိုင်ခဲ့တာပါ။ ထုံးစံအတိုင်း ဘာစီလိုနာအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီး ရရှိခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းမှာ အဓိက ဂိုးသွင်းသမားတွေ မပါဝင်ခဲ့လို့ အားနည်းမှုတွေ ရှိခဲ့ပြီး တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်သာ ရှိခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဆီဗီလာကတော့ မက်ဆီနဲ့ဆွာရက်ဇ်တို့ မပါဝင်မှုကို အပြည့်အဝအသုံးချသွားခဲ့ပြီး အိမ်ကွင်းမှာ စိတ်ချရလောက်တဲ့ အနိုင်ရလဒ်ကို ယူနိုင်ခဲ့ပါတယ်။ ဆီဗီလာအတွက် ဂိုးတွေကိုတော့ ဒုတိယပိုင်းမှာ (၅၈)မိနစ်မှာ ပါဘလိုဆာရာဘီယာ၊ (၈၄)မိနစ်မှာ ဘင်ယက်ဒါတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကတော့ နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့လို့ နူးကမ့်မှာ ရုန်းကန်ရတော့မှာပါ။

လက်ရှိချန်ပီယံဘာစီလိုနာအသင်းအနေနဲ့ ဒုတိယပိုင်းမှာ ဆွာရက်ဇ်၊ ကော်တင်ဟို နဲ့ ယော်ဒီအယ်လ်ဘာတို့ကို ထည့်သွင်းခဲ့ပေမယ့်လည်း ဆီဗီလာက ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်လို့ ချေပဂိုးနဲ့ အလှမ်းဝေးခဲ့ရပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ကစားသွားမယ်လို့ သိရပါတယ်။


Author


က္က