ဆွန်က ၂၀၁၈ အာရှအားကစားပွဲတော်မှာ တောင်ကိုရီးယားကို ရွှေရစေခဲ့လို့ စစ်မှုထမ်းကာလ ၂ နှစ် ကင်းလွတ်ခွင့်ရထား သူပါ။
စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေချိန် တောင်ကိုရီးယားနိုင်ငံကို ပြန်လည် နေထိုင်လျက်ရှိနေပါတယ်။
ဆွန်အနေနဲ့ ပြီးခဲ့တဲ့ အပတ်ကမှ အင်္ဂလန်ကနေ တောင်ကိုရီးယားကို ပြန်သွားခဲ့တာ ဖြစ်ပြီး လက်မောင်းရိုးကျိုး ဒဏ်ရာကို ကြံ့ခိုင်မှု အပြည့်ရဖို့ ပြုလုပ်နေရဆဲ ဖြစ်ပါတယ်။
အင်္ဂလန်က ပြန်လာလို့ ၂ပတ်ကြာ သီးခြားစောင့်ကြည့်ခံရမယ့် အခြေအနေမှာ ဆွန်ဟောင်မင်ကတော့ နိုင်ငံ ဥပဒေအရ စစ်တပ်မှာ ၄ပတ်ကြာ တာဝန်ထမ်းဆောင်ဖို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
တောင်ကိုရီးယားမှာ အမျိုးသားတိုင်း စစ်မှု ၂နှစ်မထမ်းမနေရ ဥပဒေ ရှိပေမယ့် အချို့နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်တွေ ကတော့ကင်းလွတ်ခွင့်ရပါတယ်။
ဒီထဲမှာ ဆွန်ဟောင်မင်လည်းပါဝင်ခဲ့ပြီး ၂၀၁၈ခုနှစ်က အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ အာရှအားကစားပွဲတော်မှာ တောင်ကိုရီးယားအသင်းကို ရွှေတံဆိပ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။
စပါးအသင်းကလည်း ထိုစဥ်က ဆွန်ကို နိုင်ငံအသင်းကို စေလွှတ်ပေးခဲ့ပြီး ဆွန်ကလည်း စစ်မှုထမ်း ကင်းလွတ်ခွင့် ရရေးအတွက်ရွှေ့တံဆိပ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ တောင်ကိုရီးယားမှာ သီးခြားစောင့်ကြည့်ခံနေရတဲ့ ဆွန်အနေနဲ့ စစ်မှုထမ်းကာလကို လာမယ့် ဧပြီ ၂၀ ကစတင်ပြီး ထမ်းဆောင်ဖို့ ရှိနေတယ်လို့လည်းသိရပါတယ်။
ပရီးမီးယားလိဂ်ကလည်း ဧပြီလ ၃၀ ရက်ထက် နောက်ကျပြီး မေလ အတွင်းမှာ ပြန်ကျင်းပနိုင်ဖို့ကိုတောင် လက်ရှိ အချိန်ထိ ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။