ဘတ်ပီဟာ အသင်းရဲ့ အစည်းအဝေးကို တက်ရောက်ဖို့လည်း နောက်ကျခဲ့တဲ့အတွက် ယူရိုငွေတစ်သိန်းရှစ်သောင်းထိ ဒဏ်ရိုက်ခံရမှုအပေါ်လည်း မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။
စပိန်နိုင်ငံက နာမည်ကျော် သတင်းစာနှစ်စောင်ဖြစ်တဲ့ AS နဲ့ Marca တို့က ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီကို ရီးရဲလ်မက်ဒရစ်က လာမယ့်ရာသီအတွက် နံပါတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီလို့ အသီးသီး ဖော်ပြခဲ့ကြပါတယ်။ အသက် (၂၀)အရွယ်သာ ရှိသေးတဲ့ ဘတ်ပီကို ရီးရဲလ်အသင်းဥက္ကဌ ပီရက်ဇ် နဲ့ ဇီဒန်းတို့က အလွန်အမင်းသဘောကျနေတာလည်း ဖြစ်ပါတယ်။
အသင်းကနေ ထွက်ခွာပြီး (၁၀)လအကြာမှာပဲ နည်းပြသစ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဇီဒန်းဟာ အသင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် စီမံကိန်းရေးဆွဲထားပြီး နာမည်ကျော်ကစားသမားအများအပြားကို လာမယ့်ရာသီမှာ ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေခဲ့ပါတယ်။ ဒိပစ်မှတ် ကစားသမားစာရင်းထဲမှာ ဘတ်ပီက ဦးစားပေးကစားသမားဖြစ်လာတာလည်း ဖြစ်ပါတယ်။
ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၃၅)ပွဲ ကစားထားပြီး (၃၁)ဂိုးအထိ သွင်းယူပေးထားတဲ့ ဘတ်ပီကို ရီးရဲလ်က မဖြစ်မနေ ခေါ်ယူမယ်လို့ AS က အခိုင်အမာဖော်ပြသွားခဲ့ပြီး ရီးရဲလ်ပရိသတ်များအတွက်လည်း စိတ်လှုပ်ရှားဖွယ်သတင်းဖြစ်လာခဲ့ပါတယ်။ အသင်းက ထွက်ခွာနိုင်တဲ့ ကစားသမားများအဖြစ် ဗာရာနီ၊ မာဆယ်လို နဲ့ ဂါရတ်ဘေးလ်တို့ ရေပန်းစားနေပြီး အဆိုပါကစားသမားတွေကို ရောင်းချလို့ရရှိတဲ့ ငွေကြေးကို ဘတ်ပီကို ခေါ်ယူဖို့အတွက် အသုံးပြုသွားမှာလို့လည်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အပေါ် ဘတ်ပီက စိတ်တိုင်းမကျဖြစ်နေပြီး ချန်ပီယံလိဂ်ဖလား ရယူနိုင်မယ့် အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒ့ါအပြင် ဘတ်ပီဟာ အသင်းရဲ့ အစည်းအဝေးကို တက်ရောက်ဖို့လည်း နောက်ကျခဲ့တဲ့အတွက် ယူရိုငွေတစ်သိန်းရှစ်သောင်းထိ ဒဏ်ရိုက်ခံရမှုအပေါ်လည်း မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။
စပိန်နာမည်ကျော်သတင်းစာတွေကတောင် အခိုင်အမာဖော်ပြလာခဲ့လို့ ဘတ်ပီနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေက အမှန်တကယ်ဖြစ်ပေါ်လာဖို့ တော်တော်လေးနီးစပ်နေခဲ့ပါတယ်။ ဘတ်ပီအနေနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းကို ပြောင်းရွှေ့ခွင့်ရမယ့်အပြင် ပီအက်စ်ဂျီမှာထက် ချန်ပီယံလိဂ်ဖလားရရှိမယ့် အခွင့်အရေးလည်း ပိုမိုများပြားနေလို့ အသင်းပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။