နိုင်ငံတကာ အွန်လိုင်း မီဒီယာတစ်ခုဖြစ်တဲ့ GiveMeSportက အွန်လိုင်းမှာ မဲစနစ်နဲ့ ပရိသတ်တွေကို ရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ် ဦးသာမက တစ်သက်တာ အကောင်းဆုံး အားကစားသမားအဖြစ် ရွေးချယ်သတ်မှတ်ခံခဲ့ရကြောင်း Fox Sports Asia သတင်းဌာနက ဖော်ပြပါတယ်။ အွန်လိုင်း အားကစားမီဒီယာ တစ်ခုဖြစ်တဲ့ GiveMeSport က ပရိသတ်တွေကို ရွေးချယ်စေတဲ့စနစ်နဲ့ အွန်လိုင်း မှာ ပြုလုပ်ခဲ့တဲ့ Poll အစီအစဉ်မှာတော့ မက်ဆီက ရွေးချယ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တွစ်တာမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ မဲစနစ်နဲ့ ရွေးချယ်တဲ့ အစီအစဉ်မှာ အုပ်စု ၄ စု ခွဲခဲ့ပြီး အုပ်စု(က)မှာ လူးဝစ္စ ဟာမီတန်လ်၊ရော်ဂျာဖက်ဒါရာ၊ဖလိုက်ဒ်မေဝယ်သာနဲ့ဆီရီနာ ဝီလျံတို့ ပါဝင်ပါတယ်။ အုပ်စု(ခ)မှာတော့ ဖီးလ်တောလ၊မိုက်ကယ်ဖဲလ်၊တွမ်ဘရက်ဒီနဲ့ လီယွန်နယ် မက်ဆီတို့ ပါဝင်နေခဲ့တာပါ။
အုပ်စု(ဂ)မှာတော့ စီရော်နယ်ဒို၊နာဗရာတီလိုဗာနဲ့ မိုက်ကယ်ဂျော်ဒန်တို့ ပါဝင်နေပြီး နောက်ဆုံး အုပ်စု(ဃ)မှာ တော့ လီဘရွန်ဂျိမ်း၊မိုက်ကယ်ရှမိုက်ဆာ၊ပီလီနဲ့ မိုဟာမက်ဒ်အလီတို့ ပါဝင်နေခဲ့တာပါ။ ဒီအုပ်စု တစ်ခုစီတိုင်းကနေ အကောင်းဆုံး တစ်ဦးစီကို ပရိသတ်တွေကို ရွေးထုတ်စေခဲ့ရာမှာတော့ လီယွန်နယ် မက်ဆီ၊စီရော်နယ်ဒို၊မိုဟာမက်ဒ်အလီနဲ့ ရော်ဂျာ ဖက်ဒါရာတို့ ရွေးချယ်ခံလိုက်ရပါတယ်။
နောက်ဆုံး ဆန်ကာတင် နှစ်ဦးစာရင်းမှာတော့ မက်ဆီနဲ့ မိုဟာမက်ဒ်အလီတို့ နှစ်ဦးသာ ကျန်ခဲ့ပြီး GiveMeSportက ဒီနှစ်ဦးကို ဖေ့ဘုတ်စ် လူမှု ကွန်ရက်မှာ Poll စနစ်နဲ့ ပရိသတ်ပေါင်း ၂၀၄၈၀၀ ကို ရွေးချယ် စေခဲ့ရာမှာတော့ ၅၁ ရာခိုင်နှုန်းသော ပရိသတ်တွေက မက်ဆီကို မဲပေးခဲ့ကြပြီး မိုဟာမက် အလီကတော့ ၄၉ ရာခိုင်နှုန်းသာ ရခဲ့လို့ မက်ဆီက တစ်သက်တာ အကောင်းဆုံး အားကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။