ဒါပေမယ့် ၅ဦးကို ၃ကြိမ်နဲ့ အပြီးလဲလှယ်ရမှာပါ။
Pyae Phyo Thein

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် ဘောလုံးပွဲတွေ ပြန်လည်ကစားတော့မယ့်အချိန်မှာ နောက်ဆက်တွဲပြသနာတချို့ကို ဖြေရှင်းနိုင်ဖို့အတွက် ပွဲတစ်ပွဲမှာ ကစားသမားငါးဦးအထိကို လူစားလဲလှယ်ခွင့် ယာယီအားဖြင့် သတ်မှတ်ပေးသွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အတည်ပြုဆုံးဖြတ်ပေးလိုက်ပြီလို့ ဖီဖာရဲ့တရားဝင်သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ဒီစည်းမျဉ်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပြီးဆုံးအောင်ယှဉ်ပြိုင်မယ့် ဘယ်ပြိုင်ပွဲမှာမဆိုအကျုံးဝင်မှာဖြစ်ပြီးတော့ ပြိုင်ပွဲစီစဉ်ကျင်းပသူတွေအနေနဲ့ ဒီစည်းမျဉ်းကို သူတို့ရဲ့ လိဂ်ပွဲစဉ်တွေ၊ ပြိုင်ပွဲတွေမှာ အသုံးပြုမလားဆိုတာကတော့ ရွေးချယ်ဆုံးဖြတ်ရုံသာရှိတော့တာ ဖြစ်ပါတယ်။ ဖီဖာအနေနဲ့ ဒီစည်းမျဉ်းကို ပြောင်းလဲဖို့အတွက် အဆိုပြုချက်ကို လက်ခံရရှိပြီးနောက်မှာ အခုလိုဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားပွဲကို အနှောင့်အယှက်မဖြစ်စေဖို့အတွက် လူစားလဲခွင့်ကို (၃) ကြိမ်သာ ခွင့်ပြုပေးသွားမှာဖြစ်ကာ ပထမပိုင်းမှာကတည်းက လူစားလဲလှယ်မှုပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။ အသင်းနှစ်သင်းစလုံးအနေနဲ့ တစ်ချိန်တည်းမှာ လူစားလဲလှယ်မှုပြုလုပ်ခဲ့ရင်လည်း ဒါဟာ သူတို့ရရှိမယ့် လူစားလဲလှယ်ခွင့် ၃ ကြိမ်ထဲက တစ်ကြိမ်စီအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ 

လူစားလဲလှယ်ခွင့်မပြည့်သေးပါက အချိန်ပိုမှာ လဲလှယ်နိုင်သလို နာကျင်အချိန်ပိုမှာလည်း လဲလှယ်နိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။ အချိန်ပိုမစတင်ခင်နဲ့ အချိန်ပိုပထမပိုင်းအပြီးတွေမှာလည်း လဲလှယ်ခွင့်ရရှိမှာဖြစ်ကာ မူလကသတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို အပြောင်းအလဲမလုပ်ဘဲ ဖီဖာက ခွင့်ပြုပေးခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ဒါကြောင့် အသင်းတစ်သင်းအနေနဲ့ ကစားသမား ၂ဦးကို တစ်ပြိုင်တည်းလဲလှယ်မှု ၂ကြိမ်၊ တစ်ဦးတည်းကို လဲလှယ်မှုက တစ်ကြိမ်စီ ပြုလုပ်ခဲ့မယ်ဆိုရင် ကစားသမားငါးဦးကို လဲလှယ်အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ မလိုအပ်ဘဲ အချိန်ဆွဲကာ ပွဲကိုအနှောင့်အယှက်ဖြစ်စေမှုကို ရှောင်ရှားဖို့အတွက် ဖီဖာက တစ်ဖက်မှာခွင့်ပြုချက်ပေးခဲ့ပေမယ့် အခြားတစ်ဖက်ကနေလည်း ပြန်လည်ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ 



Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က