အင်ချွန်လေဆိပ်မှာ ပရိသတ်အများအပြား လာရောက်ကြိုဆိုခဲ့ပါတယ်။

ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယနေရာသာ ရရှိခဲ့ပေမယ့်လည်း တောင်ကိုရီးယားကစားသမားတွေဟာ သူရဲကောင်းများသဖွယ် ကြိုဆိုခံခဲ့ရပါတယ်။ ယူကရိန်းကို (၃-၁) နဲ့ အရေးနိမ့်ခဲ့ကာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့မှုသာ တောင်ကိုရီးယားအသင်းက ကျေနပ်ခဲ့ရပါတယ်။



တောင်ကိုရီးယားရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လီကန်အင်က ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ကာ တောင်ကိုရီးယားဂုဏ်ကို ဆောင်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပေမယ့်လည်း တောင်ကိုရီးယားအသင်း အင်ချွန်လေဆိပ်ကိုအရောက်မှာတော့ ရာနဲ့ချီတဲ့ တောင်ကိုရီးယားပရိသတ်များက ဂုဏ်ပြုကာ ကြိုဆိုခဲ့ကြတယ်လို့ korea times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းဟာ အုပ်စုအဆင့်မှာ ပေါ်တူဂီ၊ အာဂျင်တီးနားတို့လို ကမ္ဘာ့ဘောလုံးအင်အားကြီးနိုင်ငံတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီကို အရေးနိမ့်ခဲ့ပေမယ့် တောင်အာဖရကိ နဲ့ အာဂျင်တီးနားတို့ကို အနိုင်ယူခဲ့ပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ကာ (၁၆)သင်းအဆင့်မှာ ဂျပန်ကို ထပ်မံအနိုင်ယူခဲ့ပါတယ်။

ကွာတားဖိုင်နယ်မှာတော့ ဆီနီဂေါကို အချိန်ပိုမှာ အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ခဲ့ပြီး အီကွေဒေါကို အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ လီကန်အင်ရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ယူကရိန်းအသင်းရဲ့ သွင်းဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရပြီး အရေးနိမ့်ခဲ့ရပေမယ့် ပရိသတ်တွေရဲ့ ကျေနပ်အားရမှုကိုတော့ ရရှိခဲ့ပါတယ်။

ဗိုလ်လုပွဲကစားချိန်မှာတော့ တောင်ကိုရီးယားပရိသတ်ထောင်ပေါင်းများစွာဟာ နိုင်ငံတွင်းလမ်းမကြီးများ၊ တောင်ကိုရီးယားပြည်သူအများအပြား သွားလာရာနေရာတွေနဲ့ ဘောလုံးကွင်းတွေအတွင်းမှာ စုပေါင်းကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ ကစားသမားတွေအနေနဲ့ ဆုဖလားနဲ့အတူ အိမ်မပြန်နိုင်ခဲ့ပေမယ့်လည်း ကြိုးစားအားထုတ်ခဲ့မှုအပေါ်မှာ တောင်ကိုရီးယားပရိသတ်တွေက အသိအမှတ်ပြုချီးကျူးခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က