ဂိုးပေါင်း ၁၀၀၀ ကျော် သွင်းယူခဲ့သူပါ။
Pyae Phyo Thein

ရိုမာရီယိုဟာ ကလပ်ကစားသမားဘဝမှာ အသင်းပေါင်း၁၀ သင်းထက်မနည်းကစားခဲ့သူဖြစ်ပြီး ပွဲပေါင်း ၈၈၆ ပွဲမှာ ၆၇၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ 


ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်းကြီးရိုမာရီယိုက မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ သူ့ရဲ့ဂိုးသွင်းစံချိန်ကို လိုက်မီနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသက် ၅၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရိုမာရီယိုဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။ 

သူ့ရဲ့ကစားသမားဘဝဂိုးသွင်းစံချိန်အတွက် ရိုမာရီယိုက ဂုဏ်ယူဝံ့ကြွားနေတာဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးက လိုက်မီမှာမဟုတ်ဘူးလို့ BeSoccer.com နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကစားသမားဟောင်းလည်းဖြစ်တဲ့ ရိုမာရီယိုဟာ ကစားသမားဘဝမှာ ဂိုးပေါင်း ၁၀၀၀ ကျော်အထိ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ 

"သူတို့တွေထက် ကျွန်တော်ပိုပြီးတော့ ဂိုးတွေသွင်းထားနိုင်ခဲ့ပါတယ်၊ ဧရိယာအတွင်းမှာဆိုရင် ကျွန်တော်က သူတို့နှစ်ဦးစလုံးထက် ပိုပြီးတော့ကောင်းမွန်နေဆဲပါ' လို့ ရိုမာရီယိုက ပြောခဲ့ပါတယ်။ ရိုမာရီယိုဟာ ကလပ်ကစားသမားဘဝမှာ အသင်းပေါင်း၁၀ သင်းထက်မနည်းကစားခဲ့သူဖြစ်ပြီး ပွဲပေါင်း ၈၈၆ ပွဲမှာ ၆၇၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ 

ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ရဝမှာ ၅၅ဂိုးအထိ ရရှိခဲ့သူဖြစ်ပြီး သူ့ရဲ့သွင်းဂိုးအများစုကတော့ ဘရာဇီးလ်လိဂ်မှာ သွင်းယူခဲ့တာဖြစ်လို့ ဒီပြောဆိုမှုက အငြင်းပွားဖွယ်ရာအဖြစ်နဲ့တော့ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အားလုံးကအသိအမှတ်ပြုထားတဲ့ ပြိုင်ပွဲတွေမှာ သွင်းယူခဲ့မှုတဲ့ ဂိုးအရေအတွက်က ၇၀၀ ကျော်သာရှိတာဖြစ်ပြီး အခြားပွဲစဉ်တွေမှာ ဂိုးပေါင်း ၃၀၀ ကျော်သွင်းယူခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာ ရော်နယ်ဒိုက ကစားသမားဘဝမှာ ဂိုးပေါင်း ၇၂၂ဂိုးအထိ ရရှိထားသလို မက်ဆီကလည်း ၇၂၃ ဂိုးအထိ ရရှိထားခဲ့တာဖြစ်ပါတယ်။ RSSSF” (Soccer Statistics Foundation) ရဲ့ ဖော်ပြချက်အရဆိုရင်တော့ သြစတြီးယားကစားသမားဟောင်း ဂျိုးဆက်ဘီကန်က ဂိုးပေါင်း ၈၀၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပြီး သူ့နောက်မှာ ရိုမာရီယိုက ၇၇၂ ဂိုး၊ ပီလီက ၇၆၇ ဂိုး၊ ပွတ်စ်ကက်ရှ်က ၇၄၆ ဂိုးနဲ့ အသီးသီးရပ်တည်နေတယ်လို့ သိရပါတယ်။ 


က္က