ပွဲကို ၂ ကြိမ်အထိ ရပ်တန့်ခဲ့ရတာပါ။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းက ဆိုဖီယာမှာ လူမျိုးရေးခွဲခြားသူတွေရဲ့ ကြွေးကြော်သံတွေကြားထဲက ဘူဂေးရီးယားအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘူဂေးရီးယားအသင်းခေါင်းဆောင် အိုင်ဗီလင်ပိုပေါ့ဗ်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ရော့စ်ဘာကလေ(၂ ဂိုး)၊ ရာဟင်းစတားလင်း(၂ ဂိုး)၊ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် အင်္ဂလန်အသင်းက အုပ်စု A ရဲ့ ထိပ်ဆုံးနေရာကို အခိုင်အမာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပေမယ့် အင်္ဂလန်ရဲ့နိုင်ပွဲဟာ ဘောလုံးလောကအတွက် အရှက်ရဖွယ်မြင်ကွင်းတွေရဲ့ အရိပ်မိုးခြင်းခံခဲ့ရတာဖြစ်ပါတယ်။



အင်္ဂလန်နဲ့ ဘူဂေးရီးယားတို့ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်ဟာ အန္တရာယ်ရှိတဲ့အနေအထားဖြစ်လာတာကြောင့် ကွင်းလယ်ဒိုင် အိုင်ဗန်ဘီဘစ်က ပွဲကို ၂ ကြိမ်အထိ ရပ်တန့်ခဲ့ရပြီး ပွဲကြေညာသူက နှောင့်ယှက်မှုတွေ ဆက်လက်ပြုလုပ်မယ်ဆိုရင် ပွဲကို ဖျက်သိမ်းရလိမ့်မယ်လို့ ကြေညာခဲ့ရပါတယ်။

အင်္ဂလန်အသင်းရဲ့ ပွဲထွက်ကစားသမားတွေဖြစ်တဲ့ တိုင်ရုံမင်းနဲ့ စတားလင်းတို့ ၂ ဦးစလုံးဟာ Vasil Levski ကွင်းထဲမှာ ပစ်မှတ်ထား လူမျိုးရေးခွဲခြားခံခဲ့ရပြီး ဘူဂေးရီးယားအသင်းခေါင်းဆောင် အိုင်ဗီလင်ပိုပေါ့ပ်က ပထမပိုင်းအပြီးမှာ ပရိသတ်တွေကို လူမျိုးခွဲခြားတဲ့ကြွေးကြော်သံတွေကို ရပ်တန့်ပေးဖို့ သွားရောက်တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ဘူဂေးရီးယားအသင်းခေါင်းဆောင် အိုင်ဗီလင်ပိုပေါ့ပ်ဟာ ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းမှာ အသင်းလိုက်ဆွေးနွေးမှုကို ဦးဆောင်ရမယ့်အစား ပွဲခေတ္တနားချိန်တလျှောက်လုံး ဘူဂေးရီးယားပရိသတ်တွေကို လိုက်လံတောင်းပန်ရင်း အချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

ဘူဂေးရီးယားနဲ့ပွဲစဉ် ပထမပိုင်း ၇ မိနစ်မှာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်က အဝေးကွင်းအထိ လိုက်လံအားပေးခဲ့ကြတဲ့ အင်္ဂလန်ပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပထမပိုင်းအပြီး ပိုပေါ့ပ်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပါတယ်။

“၂၀၁၉ မှာ မဖြစ်သင့်တဲ့ဟာတွေ ဖြစ်နေတဲ့နေရာမှာ ကစားရတာ လွယ်ကူတဲ့အခြေအနေတော့မဟုတ်ခဲ့ပါဘူး”

“ကျွန်တော်တို့ ၃ မှတ်ရရှိအောင် ကစားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပေမယ့် ဒီလိုဖြစ်ရပ်တွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်”

“အင်္ဂလန်ပရိသတ်တွေရဲ့ အရမ်းကောင်းတဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

“ဘူဂေးရီးယားအသင်းခေါင်းဆောင် ပထမပိုင်းအပြီးမှာ လုပ်ခဲ့တာနဲ့ပတ်သက်လည်းပြီး ပြောခဲ့ပါသေးတယ်။ တစ်ဦးတည်း ရပ်တည်ပြီး မှန်ကန်တဲ့အရာတွေလုပ်နိုင်ခဲ့တဲ့ ရဲစွမ်းသတ္တိနဲ့ အပြုအမူကိုတော့ သတိမပြုမိဘဲ မနေသင့်ပါဘူး။ လူမျိုးရေးခွဲခြားမှုတွေရပ်”လို့ ရက်ရှ်ဖို့ဒ်က ၎င်းရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။



က္က