ပယ်နယ်တီရရှိခဲ့ပါက ဝင်အောင်မကန်ဘဲ ပရိသတ်ဆီကန်ပေးဖို့ ကြံစည်ခဲ့တာပါ။
Pyae Phyo Thein

ကံဆိုးစွာနဲ့ပဲ တော့တီအတွက် အခွင့်အရေးမရခဲ့တာကြောင့် သူ ကြိုတင်ပြီးတော့ စိတ်ကူးထားတဲ့အတိုင်း မပြုလုပ်နိုင်ခဲ့ဘဲ သူ့ရဲ့နောက်ဆုံးပွဲစဉ်ကို အနိုင်ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 


ရိုးမားနဲ့ အီတလီတို့ရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီးဖရန်ဆက်စကိုတော့တီဟာ ရိုးမားအသင်းအတွက် ကစားပေးခဲ့တဲ့ သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာ ပယ်နယ်တီရရှိခဲ့ပါက လွဲချော်အောင်ကန်သွင်းမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ တော့တီရဲ့ အသင်းဖော်ဟောင်းဂျူအန်ဂျီးဆပ်က ဖွင့်ဟခဲ့တာဖြစ်ပြီး အီတလီတိုက်စစ်မှူးကြီးဟာ သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာ ပရိသတ်တွေအတွက် အဆိုပါဘောလုံးကို ပေးချင်ခဲ့တာလို့လည်း သိရပါတယ်။

၂၀၁၆-၁၇ ဘောလုံးရာသီဟာ တော့တီအတွက်တော့ ရိုးမားကစားသမားဘဝနောက်ဆုံးရာသီဖြစ်ပြီး သူ့ရဲ့ဘဝမှာ ရိုးမားကလည်း သူကစားခဲ့တဲ့ တစ်ခုတည်းသောအသင်းဖြစ်ခဲ့ပါတယ်။ ရောမမြို့ခံကလပ်အသင်းအတွက် ၇၈၆ ပွဲအထိ တော့တီက ကစားပေးခဲ့ပြီး ၃၀၇ ဂိုးအထိ သွင်းယူပေးခဲ့ကာ စီးရီးအေဆုဖလားကို တစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။ 

ဂျီနိုအာနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာ သူ့အနေနဲ့ အဆိုပါပွဲမှာပယ်နယ်တီရရှိခဲ့ပါက လွဲချော်အောင်ကန်မယ်လို့ ကြိုတင်ပြောဆိုခဲ့ကြောင်း တော့တီရဲ့ အသင်းဖော်ဘရာဇီးလ်ကစားသမားဂျူအန်ဂျီးဆပ််စ်က ဘရာဇီးလ်ရေဒီယိုတစ်ခုကို ပြောဆိုသွားခဲ့ပါတယ်။ "သူ့ရဲ့နောက်ဆုံးပွဲမတိုင်ခင်မှာ သူ ကစားခွင့်ရချိန် ပယ်နယ်တီရရှိခဲ့မယ်ဆိုရင် သူ ဂိုးဝင်အောင်မကန်ဘူးလို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်၊ အဲဒီဘောလုံးကို ပရိသတ်တွေဆီ သူကန်သွင်းမယ်လို့ ပြောခဲ့တာပါ" လို့ ဂျူအန်က ပြောခဲ့ပါတယ်။

အဆိုပါပွဲမှာတေ့ာ တော့တီဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရရှိခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေတဲ့ ကွင်းလယ်လူဒီရော့ဆီကလည်း သူ့ကိုအသင်းခေါင်းဆောင်လက်ပတ်လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ တော့တီအတွက် အခွင့်အရေးမရခဲ့တာကြောင့် သူ ကြိုတင်ပြီးတော့ စိတ်ကူးထားတဲ့အတိုင်း မပြုလုပ်နိုင်ခဲ့ဘဲ သူ့ရဲ့နောက်ဆုံးပွဲစဉ်ကို အနိုင်ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

တော့တီရဲ့ နောက်ဆုံးပွဲမှာတော့ ရိုးမားပရိသတ်အများအပြားဟာ တော့တီရဲ့ ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး အားပေးခဲ့ကြသလို သူ ဝင်ရောက်ကစားချိန်မှာလည်း ဟစ်ကြွေးသံတွေနဲ့ ဂုဏ်ပြုခဲ့ရပါတယ်။ အသင်းအပေါ် သစ္စာရှိရှိနဲ့ ကစားပေးခဲ့တဲ့ သူတို့ရဲ့တိုက်စစ်မှူးကို ပွဲပြီးဆုံးချိန်မှာလည်း ဂုဏ်ပြုနေခဲ့ကြပြီး တော့တီကလည်း ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က