FIFA The Best Award ပွဲကို တက်ရောက်ခဲ့ခြင်းမရှိတဲ့ ရော်နယ်ဒို နဲ့ မက်ဆီတို့ဟာ လေးစားမှုကင်းမဲ့တဲ့ လူတွေဖြစ်တယ်လို့ နာမည်ကျော်နည်းပြကြီး ဖေဘီယိုကာပယ်လိုက ဝေဖန်ပြစ်တင်လိုက်ပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲကို ကစားသမားအများစု တက်ရောက်ခဲ့ပေမယ့် ရော်နယ်ဒိုနဲ့မက်ဆီတို့ကတော့ လာရောက်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
Photo : Libertatea
"လေးစားမှုမရှိတဲ့ လုပ်ရပ်ပါ၊ ခင်ဗျားအနေနဲ့ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီနေရာမှာ ရှိကိုရှိနေရမှာပါ" လို့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းကြီးက စပိန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TVE နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့တာပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးကလည်း ရော်နယ်ဒို နဲ့ မက်ဆီတို့ဟာ ဘောလုံးလောကကို သိက္ခာချခဲ့တယ်လို့ ပြင်းပြင်းထန်ထန် ထိုးနှက်ပြောဆိုလိုက်ပါတယ်။
Photo : Croatia Week
ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်း ဆာဂျီယိုရာမို့စ်ကတော့ သူ့ရဲ့ သူငယ်ချင်းနဲ့ ပတ်သက်ပြီး အခုလိုပြောဆိုသွားခဲ့ပါတယ်။ ရာမို့စ်ဟာ တစ်နှစ်တာအကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ဒီပွဲကို တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
Photo : AS
ရာမို့စ်က ပြောခဲ့ရာမှာ - "ရော်နယ်ဒိုက ကစားသမားကောင်းတစ်ယောက်၊ သူငယ်ချင်းကောင်းတစ်ယောက်၊ အသင်းဖော်ကောင်းတစ်ယောက်ပါ၊ သူတို့နှစ်ဦးသာ ရောက်လာခဲ့မယ်ဆိုရင် ပိုပြီးကောင်းတဲ့ ပွဲတစ်ခုပေါ့ဗျာ" လို့ ပြောခဲ့ပါတယ်။
Photo : Vietnamnet
ဆုပေးပွဲမှာတော့ အကောင်းဆုံးကစားသမားဆုကို မိုဒရစ်က ရရှိသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ The Best ဆုကို ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ နှစ်ဦးဟာ ကမ္ဘာ့ဘောလုံးလောကကို (၁၁)နှစ်တိုင်တိုင် ကြီးစိုးခဲ့တဲ့ ကစားသမားတွေဖြစ်ပြီး ဘလွန်းဒီအောဆု နဲ့ အခြားတစ်ဦးချင်းဆုတွေမှာ သူတို့နှစ်ဦးကသာ တစ်လှည့်စီ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
Photo : Croatia Week
ဒီနှစ်မှာတော့ သူတို့နှစ်ဦးရဲ့ လွှမ်းမိုးမှုကို မိုဒရစ်က ချေဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မက်ဆီကတော့ ပွတ်စ်ကပ်စ်ဆုအတွက် ဆန်ခါတင်အဆင့်မှာ ပါဝင်နေခဲ့ပေမယ့် အဆိုပါဆုကို မိုဟာမက်ဆာလာက ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒို နဲ့ မက်ဆီတို့ နှစ်ဦးစလုံးဟာ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာတော့ ရွေးချယ်ခံခဲ့ရပါတယ်။