၂၀၁၈-၂၀၁၉ ရာသီကို အောင်မြင်မှုများစွာနဲ့ အဆုံးသတ်နိုင်ခဲ့သူပါ။

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုုရော်နယ်ဒိုဟာ ၎င်းရဲ့ကစားသမားဘဝမှာ ဆိုးရွားတဲ့အချိန်ကာလမရှိခဲ့ဖူးဘူးဆိုတာကို ၎င်းရဲ့ကိန်းဂဏန်းအချက်အလက်တွေက ပြသနေကြောင်း Marca နဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပြီး ရော်နယ်ဒိုရဲ့နောက်ဆုံး ၁၀ စုနှစ်တစ်ခုက အချက်အလက်တွေက သက်သေအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ တနင်္ဂနွေနေ့က ဥရောပနေးရှင်းလိဂ်ဗိုလ်လုပွဲမှာ နယ်သာလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းနဲ့အတူ ဒုတိယမြောက်နိုင်ငံတကာဆုဖလားကို ထပ်မံကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။



အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပြိုင်ပွဲအတွင်း ဆွစ်ဇာလန်အသင်းနဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် အဆုံးအဖြတ်ဖြစ်စေခဲ့တဲ့ ဟက်ထရစ် ၃ ဂိုးအထိ အများဆုံးသွင်းယူနိုင်ခဲ့တာကြောင့် Alipay ရဲ့ထိပ်တန်းဂိုးသွင်းရှင်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်ကြယ်ပွင့်ဟောင်း ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ ပွဲဦးထွက်ရာသီမှာ သွင်းဂိုး ၂၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး စီးရီးအေဖလား၊ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက ၎င်းရဲ့ သူမတူတဲ့ကစားသမားဘဝတစ်လျှောက်လုံး ပွဲစဉ်တိုင်းကို ယုံကြည်ချက်နဲ့ တည်တည်ငြိမ်ငြိမ် ချဉ်းကပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ကွင်းအတွင်းမှာ ကိုယ်တိုင် သက်သေပြသနိုင်ခဲ့တယ်လို့ Marca ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ကစားခဲ့တဲ့အထဲမှာ ဆိုးရွားတဲ့အချိန်ကာလမျိုးမရှိခဲ့ဖူးပါဘူး။ လွန်ခဲ့တဲ့ ၁၆ နှစ်ကျော်လောက်ကတည်းက ကိန်းဂဏန်းတွေက သူတို့ဘာသာ စကားပြောနေပါတယ်”

“ကျွန်တော့်ရဲ့ကစားသမားဘဝရဲ့အဓိကအရာအတွက် ကျွန်တော် ပြသခဲ့ပြီးပါပြီ။ လူတွေပြောနေတဲ့ဟာတွေကို မမှီခိုဘဲ လွတ်လပ်စွာ ပြသနိုင်ခဲ့တာပါ။ ကိန်းဂဏန်းတွေက စကားပြောနေပါတယ်”

“အဲဒါက အားလုံးကူညီပေးခဲ့တယ်။ ဆုဖလားတွေနဲ့ တစ်ဦးချင်းဆုတံဆိပ်တွေကို ရယူနိုင်ဖို့ပေါ့။ ဒါပေမယ့် ကျွန်တော်က ဆုဖလားတွေနဲ့ပတ်သက်ပြီး စွဲစွဲလမ်းလမ်းဖြစ်တတ်တဲ့သူတော့မဟုတ်ပါဘူး။ ဆုဖလားတွေကို ကျွန်တော် နှစ်သက်တယ်ဆိုတာ သိသာပါတယ်။ ကျွန်တော် အဲဒါကိုတော့ မလိမ်ပါဘူး”

“ကျွန်တော် ဖလား ၃ လုံးရရှိခဲ့တယ်။ ကျွန်တော် ကောင်းကောင်းကစားနိုင်ခဲ့တယ်။ အဲဒါထက်ပိုပြီး ကျွန်တော် ဘာလုပ်နိုင်ဦးမှာလဲ။ ကျွန်တော် အဲဒီဆုဖလားတွေနဲ့ ထိုက်တန်လား။ ကျွန်တော် မသိပါဘူး။ အဲဒါကို ခင်ဗျားဘာသာပဲ စဉ်းစားကြည့်ပါ။ ခင်ဗျားက အဲဒါကို အဆုံးအဖြတ်ပေးရမယ့်သူတွေထဲက တစ်ယောက်ပဲ။ ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ် ပြန်ပြီး အကဲဖြတ်မှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က