သူ့အပေါ်လှောင်ပြောင်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်ပြောပြခဲ့တာပါ။
Pyae Phyo Thein

ပီအက်စ်ဂျီအသင်းသားတွေဟာ ကွင်းအတွင်းမှာရော၊ အဝတ်လဲခန်းအတွင်းမှာပါ အောင်ပွဲခံခဲ့ကြလို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြုမူခဲ့တယ်လို့ ယူဆရပါတယ်။ 


ဒေါ့မွန်လူငယ်ကြယ်ပွင့်လေး ဟာလန်းကတော့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာထက် သူကပိုပြီးရင့်ကျက်တယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ မရပ်ဆိုင်းခဲ့ခင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့ ရင်ဆိုင်ခဲ့ကြရပြီး ပီအက်စ်ဂျီက နှစ်ကျော့ပေါင်းရလဒ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမအကျော့မှာ ဒေါ့မွန်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးတော့ ဟာလန်းတစ်ဦးတည်းက နှစ်ဂိုးသွင်းယူပေးခဲ့တာပါ။ ပြင်သစ်မြေမှာ ကစားရမယ့်ပွဲမတိုင်ခင် ပဲရစ်က သူတို့ရဲ့မြို့လို့ ရည်ညွှန်းပြီး ဟာလန်းက အင်စတာဂရမ် History မှာ တင်ထားခဲ့ပါတယ်။ တကယ်ကစားခဲ့ချိန်မှာတော့ နေမာရဲ့ သွင်းဂိုးအပါအဝင် ပီအက်စ်ဂျီက ၂-ဝနဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။

အဆိုပါပွဲမှာ နေမာက ဂိုးသွင်းယူခဲ့ပြီးနောက် ဟာလန်းရဲ့အောင်ပွဲခံဟန်ဖြစ်တဲ့ ယောဂကျင့်နေဟန်အတိုင်း အောင်ပွဲခံပြခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ဘာပေအပါအဝင် အသင်းဖော်အများအပြားကလည်း အဆိုပါပုံစံအတိုင်းအောင်ပွဲခံခဲ့ကြပြီးတော့ ဒါဟာ ဟာလန်းကို လှောင်ပြောင်ခဲ့တာဖြစ်တယ်လို့ ယူဆခဲ့ကြပြီး နေမာက သူ့ရဲ့အင်စတာဂရမ်မှာ ပဲရစ်က ငါတို့မြို့၊ မင်းအတွက်မဟုတ်ဘူးလို့ သူ့ရဲ့အောင်ပွဲခံဟန်နဲ့အတူ ပြန်လည်တင်သွားခဲ့ပါတယ်။ 

ပီအက်စ်ဂျီကစားသမားတွေရဲ့ ဒီအပြုအမူက သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သလားဆိုပြီးတော့ မေးမြန်းခဲ့မှုကို ဟာလန်းက "မဖြစ်ပါဘူး၊ တကယ်မဖြစ်ပါဘူး၊ ဒီလိုတရားအားထုတ်တာ၊ စိတ်တည်ငြိမ်မှုရရှိအောင် ပြုလုပ်တာက အရေးကြီးတယ်ဆိုတာကို ကမ္ဘာကြီးတစ်ခုလုံးသိအောင် ကူညီပေးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒီအတွက် သူတို့ရဲ့ကူညီမှုကို ကျွန်တော်ကျေးဇူးတင်ပါတယ်" လို့ ဖြေဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

နေမာနဲ့ ပီအက်စ်ဂျီအသင်းသားတွေကတော့ ဟာလန်းကို လှောင်ပြောင်ခဲ့မှုအတွက် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းသားတစ်ဦးကတော့ နေမာအနေနဲ့ ဟာလန်းကိုလှောင်ပြောင်ချင်စိတ်မရှိခဲ့ဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းသားတွေဟာ ကွင်းအတွင်းမှာရော၊ အဝတ်လဲခန်းအတွင်းမှာပါ အောင်ပွဲခံခဲ့ကြလို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြုမူခဲ့တယ်လို့ ယူဆရပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က