လက်ရှိမှာ တွဲဆော့ဖူးသူ ၁၂ဦးရှိပြီး သေချာပေါက်ဆော့ရမယ့်သူ ၂ဦးလည်း ထပ်ရှိနေပါတယ်။
Pyae Phyo Thein

တကယ်လို့သာ ဆွာရက်ဇ်အနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် ဒါဟာ မက်ဆီ၊ ရော်နယ်ဒိုတို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးစလုံးနဲ့ တွဲဖက်ကစားဖူးတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် မှတ်တမ်းဝင်လာတော့မှာဖြစ်ပါတယ်။ နောက်ဆုံးထွက်ပေါ်ထားတဲ့သတင်းတွေအရ ဂျူဗီနဲ့ဘာကာတို့ကြားမှာ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေသာ ရှိတော့တယ်လို့ သိရပါတယ်။

မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားဖို့ ကစားသမားတော်တော်များများက မျှော်လင့်နေခဲ့ကြတာဖြစ်ပြီး တစ်ဦးချင်းစီနဲ့ တွဲဖက်ကစားဖူးသူတွေကတော့ အများအပြားရှိခဲ့ပါတယ်။ ကလပ်အသင်းတွေမှာ၊ ဒါမှမဟုတ် ကလပ်မှာ တစ်ယောက်၊ နိုင်ငံအသင်းမှာ တစ်ယောက်အဖြစ်နဲ့ တွဲဖက်ကစားနိုင်ခဲ့သူတွေလည်း ရှိခဲ့ပြီး နှစ်ဦးစလုံးနဲ့ တွဲဖက်ကစားနိုင်ခဲ့လို့ ကံကောင်းသူတွေလို့လည်း သတ်မှတ်ကြပါတယ်။ 

ဆွာရက်ဇ်အနေနဲ့ ဂျူဗီကိုပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင်တော့ အဆိုပါကစားသမားနှစ်ဦးစလုံးနဲ့ တွဲကစားခွင့်ရတဲ့ ၁၅ ဦးမြောက်ကစားသမားဖြစ်လာလိမ့်မယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းရဲ့ နှစ်သက်မှုကိုမရရှိဘဲ အသင်းကနေထွက်ခွာရဖို့နီးစပ်နေတာဖြစ်ပြီး ဂျူဗီဘက်က ဆက်သွယ်ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ 

မက်ဆီ၊ ရော်နယ်ဒိုတို့နှစ်ဦးစလုံးနဲ့ တွဲဖက်ကစားဖူးတဲ့ ကစားသမားတွေအဖြစ် ဖာနန်ဒိုဂါဂို၊ ဂါဘရီယယ်ဟိန့်ဇ်၊ ဂျရတ်ပီကေး၊ ဒီမာရီယာ၊ ကားလို့စ်တီဗက်ဇ်၊ ပေါ်လိုဒီဘာလာ၊ ဟီဂူအင်၊ ဟင်းနရစ်လာဆင်၊ နယ်လ်ဆင်ဆယ်မီဒို၊ ဂါရေး၊ ဒေကို၊ အန်ဒရီဂိုမက်စ်တို့ ၁၂ဦးရှိနေပြီး အဆိုပါထဲမှာမှ ကလပ်အသင်းတွေမှာပဲ တွဲကစားဖူးသူတွေအဖြစ်ကတော့ ပီကေးနဲ့ လာဆင်တို့ နှစ်ဦးတည်းသာရှိနေခဲ့တာဖြစ်ပါတယ်။ 

အခုအခါမှာ ဘာစီလိုနာကွင်းလယ်လူဟောင်း အာသာက ဂျူဗင်တပ်စ်၊ ဂျူဗီကစားသမားဟောင်းပီယာနစ်က ဘာစီလိုနာတို့ကို အသီးသီးပြောင်းရွှေ့ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အခုအခါ သူတို့နှစ်ဦးစလုံးနဲ့ တွဲဖက်ကစားခွင့်ရမယ့် ကစားသမားက ၁၅ ဦးအထိ ဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က