ဒီနေ့မနက် ကစားခဲ့တဲ့ပွဲမှာ သွင်းခဲ့တာပါ။

ပွဲကစားချိန် (၂၅)မိနစ် နဲ့ (၆၆)မိနစ်တွေမှာ မီယိုရှီက ဂျပန်အတွက် ဦးဆောင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၀၄ နောက်ပိုင်း ကိုပါပြိုင်ပွဲမှာ ဥရုဂွေးကို တစ်ပွဲတည်း နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။


မနေ့က ကစားခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စု (ဂ)ရဲ့ ပွဲစဉ်မှာ ဂျပန် နဲ့ ဥရုဂွေးတို့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ အာရှအသင်းတစ်သင်းဖြစ်တဲ့ ဂျပန်ဟာ တောင်အမေရိကအင်အားကြီးအသင်းကို ဦးဆောင်ဂိုး (၂)ကြိမ်တိတိ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ထိုက်တန်တဲ့ သရေရလဒ်ကို ရယူနိုင်ခဲ့ကာ အဖိုးတန်ရမှတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။



ဂျပန်အတွက် သွင်းဂိုးတွေကို တောင်ပံကစားသမား ကိုဂျီမီယိုရှီတစ်ဦးတည်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ပွဲကစားချိန် (၂၅)မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် ဘောလုံးရရှိလာခဲ့ပြီးနောက် ကိုဂျီမီယိုရှီက ဘောလုံးနဲ့အတူ ဂိုးဧရိယာထဲ ဆွဲပြေးပြီး ဥရုဂွေးဂိုးသမားပိတ်ဆို့ထားတဲ့ ထောင့်ဘက်ကနေပဲ အမြင့်ဘောအပြင်းကန်သွင်းယူပြီး ဂိုးရယူပေးခဲ့ပါတယ်။

ဒုတိယဂိုးမှာလည်း ဂျပန်အသင်းဖော်ရဲ့ ကန်သွင်းချက်ကို ဥရုဂွေးဂိုးသမား ကာကွယ်ရာက ပြန်အံထွက်လာတာကို မီယိုရှီက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မီယိုရှီဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဥရုဂွေးကို နှစ်ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ကိုပါပြိုင်ပွဲမှာ ဥရုဂွေးကို တစ်ပွဲတည်း နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ နောက်ဆုံးကစားသမားက အာဂျင်တီးနားကစားသမား လူစီယာနိုဖီဂွယ်ရိုအာဖြစ်ပါတယ်။ ဂျပန်အိုလံပစ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ မီယိုရှီက ဥရုဂွေးနဲ့ပွဲမှာ သူ့ရဲ့ လျှင်မြန်မှုစွမ်းရည်နဲ့အတူ ပြိုင်ဘက်နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပြီး အရည်အသွေးကောင်းပြသနိုင်ခဲ့ပါတယ်။

ဥရုဂွေးဆီက သရေတစ်မှတ်ရယူနိုင်ခဲ့လို့လည်း ဂျပန်အနေနဲ့ နောက်ဆုံးပွဲမှာ အီကွေဒေါကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အကောင်းဆုံးတတိယအသင်းအဖြစ်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ချီလီကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် ဥရုဂွေးနဲ့ပွဲမှာ ဂျပန်က အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပြီး အသိအမှတ်ပြုခံရမယ့် ခြေစွမ်းမျိုးကို ပြသခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က