ဥရောပအဆင့် ပြိုင်ပွဲတစ်ခုမှာ အင်္ဂလိပ်အသင်းတစ်သင်းအနေနဲ့ အခုလို ဂိုးပြတ်အရေးနိမ့်တာ ၁၉၉၅က ကိုလုံးကို သူတို့အသင်းအနေနဲ့ပဲ ၈ ဂိုးပြတ်အရေးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးအသင်းထပ်ဖြစ်လာပါတယ်။
စပါးအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ၂-၇ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒီဖြစ်စဉ်က စပါးအသင်းအတွက်တော့ နှစ်ပေါင်း ၁၃၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ဂိုးအပြတ် ဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာလို့ BBC SPORTက ဖော်ပြလာပါတယ်။
ပွဲချိန် ၁၂ မိနစ်မှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ဦးဆောင်ဂိုးစတင်သွင်းနိုင်ပေမယ့် ၁၅ မိနစ်မှာ ဘိုင်ယန် ကစားသမား ကင်မစ်ရှ်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
အဲ့နောက် ၄၅ မိနစ်မှာ လီဝန်ဒေါစကီး၊၅၃နဲ့၅၅မှာ ဂနာဘရီက နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး၄-၁ ဂိုးနဲ့ ဦးဆောင် နေချိန် စပါးအတွက် ဒုတိယချေပဂိုးကို ကိန်းက ၆၁ မိနစ်မှာ ပင်နယ်တီကတဆင့် သွင်းပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ၈၃၊၈၇၊နဲ့၈၈ မိနစ်တွေမှာ ဂနာဘရီနဲ့လီဝန်ဒေါစကီးတို့က ဂိုးတွေ ဆက်လက်သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းက ၇-၂ ဂိုးဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့ အနိုုင်ရခဲ့တာပါ။
အသင်းကနေ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းထွက်နေတဲ့ ပွန်ချက်တီနိုအတွက် ဒီရလဒ်က ဖိအားတစ်ရပ် ဖြစ်လာစေခဲ့သလို နည်းပြ သက်တမ်းတစ်လျှောက် ၂၀၁၂ ခုနှစ်က ရီးရဲကို ၅ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ပထမဆုံးအကြိမ် ဂိုးအပြတ်ဆုံး ပြန်ရှုံးတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။
စပါးကတော့ ၁၉၉၆ ဘောလုံးရာသီတုန်းက နယူးကာဆယ်အသင်းကို ၇-၁ ဂိုးနဲ့ အရေးနိမ့်ဖူးပေမယ့် ဒါကတော့ အဝေးကွင်းမှာ ဖြစ်ပြီး အခုလို အိမ်ကွင်းမှာ ဂိုးအပြတ်ဆုံးအရေးနိမ့်တာကတော့ သူတို့အသင်းရဲ့ ၁၃၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်လာခဲ့တာပါ။
ချန်ပီယံလိဂ်မှာတော့ စပါးအသင်းက ၂ ပွဲကစား တစ်ပွဲသရေ တစ်ပွဲရှုံးပြီး အုပ်စုတွင်း အဆင့် ၃ မှာ ရပ်တည်နေ ပါတယ်။