ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်နဲ့ ဆီဗီလာ ရင်ဆိုင်ရမှာပါ။
Pyae Phyo Thein

အင်္ဂလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝုလ်ကို အနိုင်ယူအပြီးမှာ အခြားသောအင်္ဂလန်အသင်းတစ်သင်းကို ထပ်မံအနိုင်ယူဖို့ လော့ပ်တယ်ဂီက မျှော်လင့်နေပါတယ်။ 


ဝုလ်ကို အနိုင်ယူပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးခါစအချိန်မှာပဲ ဆီဗီလာနည်းပြလော့ပ်တယ်ဂီက သူတို့အသင်းအနေနဲ့ ဆီမီးမှာရင်ဆိုင်ရမယ့် မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူနို်င်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဆီဗီလာဟာ အိုကမ်ပို့စ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ဝုလ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ ဆီဗီလာတို့ဟာ တနင်္ဂနွေနေ့မှာ ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။ ၂၀၁၄ ကနေ ၂၀၁၆ အထိ ယူရိုပါလိဂ်ဖလားကို ဆီဗီလာက ၃ ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ယူနိုက်တက်ကလည်း ၂၀၁၇ မှာ ဗိုလ်စွဲထားခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် အစဉ်အလာရှိတဲ့ အသင်းနှစ်သင်းရင်ဆိုင်ရတော့မှာဖြစ်လို့ ပိုပြီးအကြိတ်အနယ်ရှိနေမှာလည်း သေချာပါတယ်။ 

"နောက်ပွဲအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ကျွန်တော်တို့ ကစားသွားရမှာပါ၊ သူတို့က ကမ္ဘာပေါ်ကအကြီးကျယ်ဆုံးအသင်းတစ်သင်းဖြစ်ပါတယ်၊ ဒါပေမယ့်လည်း သူတို့နဲ့ ရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပြီးသားပါ၊ နောက်ပွဲအတွက် အာရုံစိုက်ထားပြီး ရင်ဆိုင်ရမှာက ထိပ်တန်းအသင်း၊ သမိုင်းကြောင်းကောင်းတဲ့အသင်း၊ လက်ရှိမှာအကောင်းဆုံးပုံစံရနေပြီး ဘောလုံးသမိုင်းထဲက အကောင်းဆုံးအသင်းတစ်သင်းပါ"

"ကျွန်တော်တို့ အမြဲတမ်းလုပ်ပြနေသလို အကောင်းဆုံးကြိုးစားအားထုတ်သွားမှာပါ၊ သူတို့နဲ့ ရင်ဆိုင်ရမှာက ခက်ခဲပါတယ်၊ ဒါပေမယ့်လည်း သူတို့ကို အနိုင်ယူနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်နေပါတယ်" လို့ လော့ပ်တယ်ဂီက ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ Mirror က ဖော်ပြသွားခဲ့ပါတယ်။ 

ဝုလ်နဲ့ပွဲစဉ်မှာတော့ ပြိုင်ဘက်တိုက်စစ်မှူးဂျီမီနက်ဇ် ပယ်နယ်တီလွဲချော်ခဲ့လို့ ဆီဗီလာတို့အတွက် ကံကောင်းခဲ့ရသလို ပွဲကစားချိန် ၈၈ မိနစ်မှာ အဖိုးတန်အနိုင်ဂိုးကို အိုကမ်ပို့စ်က သွင်းယူပေးခဲ့လို့လည်း ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 


Author


က္က