ယနေ့ညမှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက အပြောင်းအရွှေ့သတင်းတွေကို Duwun Sports ပရိသတ်ကြီးဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
-ဂျူဗင်တပ်နည်းပြ အယ်လီဂရီဟာ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း Goal ရဲ့သတင်းအရ သိရပြီး ဗယ်ဗာဒီရဲ့ အနာဂတ်ဟာ မေးခွန်းထုတ်စရာ ဖြစ်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းကနေ ထွက်ခွာတော့မယ့် အယ်လီဂရီဟာ နည်းပြအလုပ်ကနေ ခဏတဖြုတ်အနားယူဖို့ အစီအစဉ်ဆွဲထားပေမယ့် ဘာစီလိုနာနည်းပြအဖြစ် မကြာမီအချိန်အတွင်း ပြန်လည်တာဝန်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။
-ဘာစီလိုနာအသင်းဟာ အန်ဒရီဂိုးမက်စ်အတွက် ဝက်စ်ဟမ်းအသင်းက ကမ်းလှမ်းခဲ့တဲ့ ပေါင် ၁၈ သန်းကို ငြင်းပယ်ခဲ့တယ်လို့ Sky Sports သတင်းအရ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အဲဗာတန်အသင်းမှာ ၂၀၁၈-၂၀၁၉ တစ်ရာသီလုံး အငှားနဲ့ အချိန်ကုန်ဆုံးခဲ့ရတဲ့ ပေါ်တူဂီကြယ်ပွင့် အန်ဒရီဂိုးမက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။
-ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ အသင်းဥက္ကဌ ပီးရက်ဇ်ကို တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ La Sexta ရဲ့သတင်းအရ သိရပါတယ်။ ရာမို့စ်ဟာ ယခုနွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး အာရှတိုက်ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
-မန်ချက်စတာစီးတီးကြယ်ပွင့် ဒေးဗစ်ဆေးလ်ဗားဟာ ကာတာကနေ ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗားဟာ ကာတာအခြေစိုက်ကလပ်အသင်းဆီက တစ်ရာသီကို ပေါင် ၆ သန်းတန်ကြေးရှိတဲ့ စာချုပ် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တယ်လို့ သိရပြီး မန်ချက်စတာစီးတီးအသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိသေးသူဖြစ်ပါတယ်။