ယူနိုက်တက်က စပါးအသင်းကို ဆက်သွယ်ခဲ့ပါတယ်။
Kg Htet

ယနေ့ညမှာ နောက်ဆုံးရရှိထားတဲ့အပြောင်းအရွှေ့သတင်းများကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်း တင်ဆက်ပေးလိုက်ရပါတယ်။

-မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား လင်ဒီလော့ဖ်ဟာ လက်စတာစီးတီးကြယ်ပွင့် မက်ဂွိုင်းယားနဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရမှာကို စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယားကို ကမ်းလှမ်းမှု ၂ ကြိမ်အထိ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် လက်စတာစီးတီးအသင်းက ငြင်းပယ်ခဲ့ပြီး ပေါင်သန်း ၉၀ အထိ တောင်းဆိုနေတာဖြစ်ပါတယ်။ လင်ဒီလော့ဖ်ဟာ ဘိုင်လီ၊ စမောလင်း၊ ဖီးလ်ဂျုံးစ်တို့နဲ့ ပထမအသင်းပုံမှန်ပွဲထွက်ကစားသမားနေရာအတွက် တိုက်ပွဲဝင်နေရသူဖြစ်ပေမယ့် မက်ဂွိုင်းယားကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းရဲ့ လုပ်ရပ်ကို ထောက်ခံခဲ့တာဖြစ်ပါတယ်။



-ဖီအိုရင်တီးနားကြယ်ပွင့်တိုက်စစ်မှူး ဖက်ဒရီကိုချီယေးစားက အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီမှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့နိုင်ဖို့ ရည်ရွယ်နေတယ်လို့ Calciomercato ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဂျူဗင်တပ်အသင်းဟာ အသက် ၂၁ နှစ်အရွယ် အီတလီတိုက်စစ်မှူးကို ၅ နှစ်စာချုပ် ချုပ်ဆိုသွားလိုနေတယ်လို့ သိရပြီး ဖီအိုရင်တီးနားအသင်းကတော့ ချီယေးစားကို လုံးဝထွက်ခွာခွင့်ပေးလိုခြင်းမရှိဘူးလို့ သိရပါတယ်။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် စပါးအသင်းကို ဆက်သွယ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။ Daily Mail ရဲ့သတင်းအရ ယူနိုက်တက်ဟာ စပါးအသင်းကို ဒိန်းမတ်လက်ရွေးစင်ကြယ်ပွင့်ရဲ့ အခြေအနေထူးတာနဲ့ အသိပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲရစ်ဆင်ကို ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်တို့က စိတ်ဝင်စားနေပြီး စပါးအသင်းက ပေါင်သန်း ၇၀ ဝန်းကျင်ရမှသာ ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။

-ပီအက်စ်ဂျီအသင်းဟာ ယခုအပတ်မှာ အဲဗာတန်အသင်းကွင်းလယ်ကစားသမား အီဒရစ်ဆာဂေးယ်ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းက ဂေးယ်ကို တစ်လခန့် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ နောက်ဆုံးမှာတော့ အီဒရစ်ဆာဂေးယ်ကို ပေါင် ၂၈ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က