ဆာရီဟာ ချယ်ဆီးအသင်းကို တစ်ရာသီကြာ နည်းပြခဲ့ပြီးနောက် ယမန်နေ့က ဂျူဗင်တပ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဆာရီက ချယ်ဆီးအသင်းရဲ့ကစားသမား ၂ ဦးကို ခေါ်ယူပေးဖို့ ဂျူဗင်တပ်ကို တောင်းဆိုခဲ့တယ်လို့ Dailystar ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဆာရီဟာ အီတလီက ၎င်းရဲ့မိသားစုနဲ့ မိတ်ဆွေတွေကို လွမ်းဆွတ်နေတယ်လို့ ဝန်ခံခဲ့ပြီး အင်္ဂလန်မှာ တစ်နှစ်လောက်နေရတာဟာ ၎င်းအတွက် ခက်ခဲတယ်လို့ ပြောကြားခဲ့ပြီးနောက် အီတလီကို ပြန်သွားခဲ့သူဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ယခုနွေရာသီမှာ နည်းပြအယ်လီဂရီနဲ့ လမ်းခွဲခဲ့တာကြောင့် ဆာရီအတွက် အီတလီကို ပြန်သွားဖို့ လမ်းစပေါ်လာခဲ့တာဖြစ်ပြီး ယမန်နေ့မှာ ချယ်ဆီးအသင်းကရော၊ ဂျူဗင်တပ်အသင်းကပါ ဆာရီရဲ့ အပြောင်းအရွှေ့ကို တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။
The Times ရဲ့ဖော်ပြချက်အရ ဆာရီဟာ ချယ်ဆီးအသင်းရဲ့ ကစားသမား ၂ ဦးကို တူရင်ကို ခေါ်ယူလိုနေတယ်လို့ သိရပြီး ယခုနွေရာသီထိပ်တန်းပစ်မှတ်အဖြစ် ဂျော်ဂျင်ဟိုနဲ့ အီမာဆင်တို့ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။
နာပိုလီနည်းပြဟောင်း ဆာရီဟာ နာပိုုလီ၊ ချယ်ဆီးအသင်းတို့မှာ အတူလက်တွဲခဲ့တဲ့ ဂျော်ဂျင်ဟိုကို သွားလေရာအသင်းကို ခေါ်ယူသွားလိုတဲ့ဆန္ဒကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပြီး ဂျော်ဂျင်ဟို၊ အီမာဆင်တို့ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ၁၉၉၆ ခုနှစ်နောက်ပိုင်း ဂျူဗင်တပ်အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို ပြန်လည်ရယူပေးနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။