၆ အုပ်စုသာရှိလို့ အကောင်းဆုံး အုပ်စု တတိယရအသင်း ၄သင်းထပ်မံပေါင်းကာ ၁၆သင်းအဆင့် ရှုံးထွက်ပွဲတွေကို ဆက်လက်ကျင်းပစေတာ ဖြစ်ပါတယ်။
ပိုလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား အမျိုးသား ဘောလုံးပြိုင်ပွဲမှာ တော့ အာရှတိုုက် ကိုယ်စားပြုအသင်းတွေ ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ၁၆သင်းရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့နေတယ်လို့ FIFA.comရဲ့ဖော်ပြချက်အရသိရပါတယ်။
ဂျပန်အသင်းက ၁၆သင်းအဆင့်ကို တစ်ပွဲနိုင် ၂ ပွဲသရေ ၅ မှတ်နဲ့ အုပ်စုဒုတိယရကာ တက်လှမ်းခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယားအသင်းကတော့ နှစ်ပွဲနိုင် တစ်ပွဲရှုံး ရမှတ် ၆ မှတ်နဲ့ အုပ်စု ဒုတိယနဲ့ပင် ၁၆သင်းအဆင့်ကို တက်လှမ်းခဲ့တာပါ။
၆ အုပ်စုသာ ရှိလို့ အုပ်စုတစ်အုပ်စုစီက ထိပ်ဆုံး ၂သင်းစီနဲ့ အကောင်းဆုံး အုပ်စု တတိယရအသင်း ၄ သင်းပေါင်းကာ ၁၆သင်းအဆင့်ကို ဆက်လက်ကစားစေတာ ဖြစ်ပါတယ်။
ဂျပန်အသင်းကတော့ အုပ်စုတွင်းမှာ အီကွေဒေါ၊မက္ကဆီကို၊အီတလီအသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက် ခဲ့ကာ အီကွေဒေါနဲ့အီတလီကို သရေကစားကာ မက္ကဆီကိုကို ၃ ဂိုးပြတ်နဲ့ အနိုင်ကစားပြီးတက်လှမ်းခဲ့သလို တောင်ကိုရီးယားအသင်းကလည်း အဖွင့်ပွဲမှာ ပေါ်တူဂီကို ၁-၀ နဲ့ရှုံးပေမယ့် ဒုတိယပွဲမှာတော့ တောင်အာဖရိကမှာ ၁-၀ နဲ့လည်းကောင်း၊အုပ်စုနောက်ဆုံးပွဲမှာအာဂျင်တီးနားကို ၂-၁ နဲ့ လည်းကောင်း အသီးသီး အနိုင်ယူပြီး တက်လှမ်းခဲ့တာပါ။
ဂျပန်နဲ့တောင်ကိုရီးယားအသင်းတို့ရဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ကိုတော့ လာမယ့် ဇွန်လ ၄ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်ကစားစေမှာပါ။