ယူအေအီးကို အားလပ်ရက် ခရီးသွားရင်း အာရှဖလားပြိုင်ပွဲနဲ့တိုးလို့ ကာတာနဲ့ အီရတ်ကစားတဲ့ ၁၆ သင်းအဆင့်ပွဲကို ကာတာဂျာစီဝတ်ပြီးအားပေးခဲ့လို့ အဖမ်းခံရတာ ဖြစ်ပါတယ်။
ဗြိတိန်လူမျိုး အာဆင်နယ်ပရိသတ်တစ်ဦးလို့ သိရတဲ့ အလီအစ်ဆာအာမတ်ဟာ ယူအေအီးနိုင်ငံမှာ ကာတာလက်ရွေးစင်အသင်း ဂျာစီကို ဝတ်ဆင်အားပေးခဲ့မိလို့ ယူအေအီးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ Fox Sports Asia သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အလီအနေနဲ့ ယူအေအီးကို အားလပ်ရက် ခရီးထွက်လာခဲ့တာဖြစ်ပြီး အာရှဖလားနဲ့ ကြုံကြိုက်နေလို့ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ာကစားခဲ့တဲ့ ကာတာနဲ့ အီရတ်အသင်းတို့ရဲ့ ၁၆ သင်းအဆင့် ပွဲစဉ်ကို ကာတာဂျာစီ ဝတ်ဆင်ပြီး အားပေးခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့် အလီတစ်ယောက် မသိလိုက်တာက ယူအေအီးနိုင်ငံမှာ ကာတာဂျာစီကို ဝတ်ဆင်ပြီး လူအများမြင်ကွင်းမှာ သွားလာခြင်းဟာ ကြီးလေးတဲ့ပြစ်ဒဏ် ကျူးလွန်မှုဖြစ်ပြီး ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ချမှတ်နိုင်လောက်တဲ့အထိ ပြစ်ဒဏ်က ပြင်းထန်ပါတယ်။
ဒီဖြစ်စဉ်အပေါ် ယူအေအီးသံရုံးက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားရေးရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း The Sun သတင်းက ဖော်ပြထားပါတယ်။
ကာတာနိုင်ငံကို ၂၀၁၇ ခုနှစ် မေလကတည်းက ဆော်ဒီ၊ ယူအေအီးတို့က သံတမန်ဆက်ဆံရေး ဖြတ်တောက်ထားခဲ့တယ်လို့လည်း သိရပါတယ်။ ကာတာအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ခိုလှုံခွင့်ပြုထားသလို ငွေကြေးထောက်ပံ့မှုများလည်း ရှိနေပြီး နိုင်ငံဆက်ဆံရေး တည်ငြိမ်မှု မရှိအောင် ဆောင်ရွက်နေတယ်လို့ ယူအေအီးနဲ့ ဆော်ဒီက သတ်မှတ်စွပ်စွဲခဲ့ပြီးနောက် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ကြောင်း Fox Sports Asia က ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ၂၀၁၉ အာရှဖလား ဗိုလ်လုပွဲမှာ ကာတာအသင်းက ဂျပန်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးထားပါတယ်။