အင်တာမီလန်နည်းပြသစ် အန်တိုနီယိုကွန်တီဟာ အသင်းကို တိုးတက်အောင်ပြုလုပ်ဖို့ အာမခံချက်ပေးနိုင်အောင် နောက်ထပ်ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ လိုအပ်နေသေးပြီး ဘာစီလိုနာကြယ်ပွင့် ၂ ဦးကို အဓိကပစ်မှတ်အဖြစ် ကွန်တီက သတ်မှတ်ခဲ့တယ်လို့ Tuttosport ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ပြီး ခေါ်ယူနိုင်ခြင်းမရှိခဲ့တဲ့နောက် နည်းပြကွန်တီက လာမယ့်ရာသီမတိုင်မီမှာ ဘာစီလိုနာကြယ်ပွင့်ကစားသမား ၂ ဦးကို ခေါ်ယူသွားလိုနေတာဖြစ်ပါတယ်။
ဂျူဗင်တပ်နည်းပြဟောင်း ကွန်တီဟာ ၎င်းရဲ့ တပည့်ဟောင်းတစ်ဦးဖြစ်တဲ့ အာတူရိုဗီဒယ်ကို လက်ကျန်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီအချိန်မှာ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့အပြင် ရာကီတစ်ကိုလည်း ခေါ်ယူဖို့ စည်းရုံးသွားမယ်လို့ သိရပါတယ်။
Tuttotsport ရဲ့ဖော်ပြချက်အရ ကွန်တီဟာ အင်တာမီလန်တာဝန်ရှိသူတွေကို ဗီဒယ်နဲ့ ရာကီတစ်တို့ရဲ့အပြောင်းအရွှေ့ကိစ္စကို အရှိန်မြှင့်ပြီး ဆွေးနွေးညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ နိုင်ဂိုလန်နဲ့ ဂျာအိုမာရီယိုတို့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကွန်တီရဲ့ဆုံးဖြတ်ချက်ဟာ ဘာစီလိုနာကြယ်ပွင့် ၂ ဦးကို ခေါ်ယူဖို့ဖြစ်နိုင်ခြေရှိနေတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက ဗီဒယ်နဲ့ ရာကီတစ်တို့ ၂ ဦးစလုံးရဲ့အနာဂတ်အတွက် တိကျသေချာတဲ့ ရပ်တည်ချက်မျိုး ရှိပုံမရဘဲ ဗယ်ဗာဒီအနေနဲ့ ရာကီတစ်ရဲ့ကစားဟန်ကို နှစ်သက်ပေမယ့် ဖရန်ကီဒီဂျောင်ရောက်ရှိလာမှုကြောင့် ခရိုအေးရှားကြယ်ပွင့်အတွက် ပွဲကစားချိန်ရရှိဖို့ ခက်ခဲလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။