ယူရိုပါလိဂ်လို့ အမည်ပြောင်းလဲပြီးချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ စပိန်ကလပ် ဗလင်စီယာအသင်းကို အဝေကွင်းမှာ ၄-၂ ဂိုးနဲ့ထပ်မံ အနိုင်ကစားခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၇ -၃ ဂိုးနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ပထမအကျော့ အိမ်ကွင်းမှာ ကစားစဉ်က လာကာဇက်၊အူဘာမီယန်းတို့ရဲ့သွင်းဂိုးတွေနဲ့ပဲ ၃-၁ နဲ့ အနိုင်ယူခဲ့သ လိုအခုတစ်ကြိမ်မှာလည်း လာကာဇက်နဲ့အူဘာမီယန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ပင် ထပ်မံ အနိုင်ယူခဲ့ပြန်တာပါ။
ဒီတစ်ကြိမ်မှာတော့ အူဘာမီယန်းက ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး ဒီလို ဟက်ထရစ်သွင်းနိုင်တာဟာ ၂၀၁၆တုန်းက လူးကပ်ပီရက်ဇ်အာဆင်နယ်အတွက် ချန်ပီယံလိဂ်မှာ ဟက်ရစ်သွင်းယူပေးနိုင်ပြီးနောက် ပထမဆုံး ဥရောပအဆင့်ပြိုင်ပွဲမှာ ဟက်ထရစ်ပြန်သွင်းယူပေးနိုင်သူလည်း ဖြစ်လာခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီဟာ ဒီနှစ်မှာမှ အာဆင်နယ်အသင်းကိုစတင် တာဝန်ယူကိုင် တွယ်ခဲ့တာ ဖြစ်ပေမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို ခေါ်ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အူနိုင်းအနေနဲ့ ယူရိုပါလိဂ် ဘုရင်ကြီးလို့ တင်စားခံရလောက်အောင် ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ် ဆုဖ လားကို ၃ နှစ်ဆက် ကိုင်မြှောက်ထားနိုင်တာလည်း ဖြစ်လို့ အာဆင်နယ်အသင်းကိုလည်း ယူရိုပါလိဂ် ဆုဖလား ရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။
အာဆင်နယ်အသင်းအတွက်အခုလို ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ အသင်းသမိုင်းတစ်လျှောက် ယူရိုပါလိဂ်ပြိုင်ပွဲအမည်အောာက်မှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ယခင် ယူအီးအက်ဖ်အေဖလားပြိုင်ပွဲအမည်ဖြင့် ကျင်းပစဉ်က ၂၀၀၀ ခုနှစ်မှာ ဗိုလ် လုပွဲကို တစ်ကြိမ် တက်လှမ်းဖူးပြီး ထိုစဉ်က ဂါလာတာစာရေးအသင်းကို အရေးနိမ့်ပြီး ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရ တာပါ။
အဲ့နောက်ပိုင်း ၂၀၀၉-၁၀ ဘောလုံးရာသီမှာတော့ ယူအီးအက်ဖ်အေဖလားပြိုင်ပွဲအမည်ကနေ ယူရိုပါလိဂ် ပြိုင်ပွဲ အမည်ကို ပြောင်းလဲလိုက်ချိန်မှာတော့ အာဆင်နယ်အသင်းအနေနဲ့ အခုတစ်ကြိမ်ဟာ ပထမဆုံး အကြိမ် ဗိုလ်လုပွဲကို ပြန်လည်တက်လှမ်းလာနိုင်တာလည်းဖြစ်ပါတယ်။
မနှစ်ကလည်း ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် စပိန်ကလပ် အက်သလက်တီကိုအသင်းကို အရေးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ ဝေးခဲ့တာပါ။
ဒီနှစ် ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတော့ လာမယ့် မေလ ၂၉ ရက်နေ့မှာ အဇာဘိုင်ဂျန်နိုင်ငံရှိ ပရိသတ် ၆၉၈၇၀ ဝင်ဆံ့တဲ့ ဘာကူ အားကစား ကွင်းကြီးထဲမှာ ကျင်းပပြုလုပ်သွားမှာပါ။