ဘောလုံးကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ဗန်ပါစီက အာဆင်နယ်အသင်း ယူရိုပါလိဂ်မှာ ဗိုလ်စွဲမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
လာမယ့်အပတ်အတွင်းမှာ ကစားရဖို့ ရှိနေတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ ပတ်သက်ပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက ခန့်မှန်းမှုပြုလုပ်သွားခဲ့ပါတယ်။ အာဆင်နယ်မှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့တဲ့ ဗန်ပါစီဟာ အသင်းခေါင်းဆောင်အဖြစ် နဲ့ ခြေစွမ်းပြကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
အာဆင်နယ်ကမှတဆင့် မန်ချက်စတာယူနိုက်တက်အသင်းကို ဗန်ပါစီက ထပ်မံပြောင်းရွှေ့ခဲ့ကာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖီယင်နုအသင်းအတွက် ကစားပေးခဲ့ပြီးနောက် ဘောလုံးကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ဗန်ပါစီက အာဆင်နယ်အသင်း ယူရိုပါလိဂ်မှာ ဗိုလ်စွဲမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
အာဆင်နယ်ကတော့ ၂၀၀၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဘာစီလိုနာနဲ့ ကစားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပအဆင့်ရဲ့ ဗိုလ်လုပွဲတစ်ပွဲကို ပြန်လည်ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အနိုင်ရရှိဖို့အတွက် ချယ်လ်ဆီးက ပိုမိုရေပန်းစားနေပေမယ့်လည်း ဗန်ပါစီက အသင်းဟောင်းအပေါ် ယုံကြည်ချက်အပြည့်ရှိနေခဲ့ပါတယ်။
"ကျွန်တော့်တစ်ဦးတည်းရဲ့ အမြင်အရ အာဆင်နယ်က ပိုပြီးတော့ အနိုင်ရနိုင်ချေရှိပါတယ်" လို့ ဗန်ပါစီက BBC နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။ "သူတို့က ချယ်လ်ဆီးထက် နည်းနည်းလေးပိုပြီးကောင်းမွန်နေပါတယ်၊ ဒါပေမယ့် ချယ်လ်ဆီးမှာ ဟာဇက်ရှိနေပြီး သူက အရမ်းထူးချွန်တဲ့ ကစားသမားပါ၊ ဘယ်လိုအချိန်မှာမဆို သူက တစ်စုံတစ်ရာကို လုပ်ပြနိုင်စွမ်းရှိပါတယ်" လို့ ဗန်ပါစီက ပြောသွားခဲ့ပါတယ်။
အာဆင်နယ်မှာတော့ ကွင်းလယ်လူ မီခီတာရန် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အာမေးနီးယား နဲ့ အဇာဘိုင်ဂျန်တို့ကြား နိုင်ငံရေးပြသနာတွေကြောင့် မီခီတာရန်က လုံခြုံရေးကိစ္စကို အကြောင်းပြပြီး အသင်းနဲ့ လိုက်ပါမသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ဗိုလ်လုပွဲကိုတော့ မေလ (၂၉)ရက်နေ့မှာ ကစားသွားကြမှာဖြစ်ပါတယ်။