ဥရောပစံချိန်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယမန်နေ့ညက နယ်သာလန်အသင်းကို ပေါ်တူဂီအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် လက်ရွေးစင်အသင်းနဲ့အတူ ဒုတိယမြောက် အဓိကဆုဖလားတစ်လုံးကို ထပ်မံဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တစ်ဦးတည်း ဟက်ထရစ်သွင်းယူပြီး ပေါ်တူဂီအသင်းကို ဗိုလ်လုပွဲတက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။



နယ်သာလန်အသင်းနဲ့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ တိုက်စစ်ကို ဘာနာဒိုဆေးလ်ဗားနဲ့အတူ ဦးဆောင်ခဲ့ပြီး နယ်သာလန်နောက်ခံကစားသမားတွေဟာ ရော်နယ်ဒိုကို အပိုင်လူကပ်ကစားခဲ့တာကြောင့် ဘာနာဒိုဆေးလ်ဗားအနေနဲ့ နေရာလွတ်များစွာ ရရှိခဲ့ပါတယ်။



ပေါ်တူဂီအသင်းဟာ ဒုတိယပိုင်းမိနစ် ၆၀ မှာ ဘာနာဒိုဆေးလ်ဗားရဲ့ဖန်တီးမှုကနေတဆင့် သွင်းယူခဲ့တဲ့ ဂွန်ကာလိုဂွဲဒက်စ်ရဲ့သွင်းဂိုးကြောင့် နယ်သာလန်အသင်းကို အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ရော်နယ်ဒိုဟာ ၎င်းရဲ့အကောင်းဆုံးခြေစွမ်းမပြသနိုင်ခဲ့ပေမယ့် လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၁၆ ဖလားပြီးနောက် နောက်ထပ်အဓိကဖလားဖြစ်တဲ့ နေးရှင်းလိဂ်ကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဘယ်သူမှ လိုက်မမီနိုင်လောက်တဲ့ ဥရောပစံချိန်တစ်ခုကိုလည်း ရရှိခဲ့ပြီး ဥရောပဖလား ၁၀ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်တယ်လို့ Football Factly ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၁၆၊ နေးရှင်းလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့ပြီး ကလပ်အသင်းကစားသမားဘဝမှာလည်း ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နဲ့ ဥရောပစူပါဖလား ၃ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် ၂၀၁၈-၂၀၁၉ ရာသီဟာ နောက်ထပ်အံ့အားသင့်ဖွယ်ရာသီတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး စီးရီးအေဖလား၊ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ စူပါကိုပါဒီအီတာလီယာဖလား၊ ဥရောပနေးရှင်းလိဂ်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က