အာဖရိကဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်းအတွက် ကစားပေးနေတာပါ။

နာပိုလီကြယ်ပွင့်နောက်ခံကစားသမား ကူလီဘလီဟာ ယခုနွေရာသီမှာ အသင်းနဲ့အတူ ဆက်နေဖြစ်မလားဆိုတာ မသေချာကြောင်း ဝန်ခံပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကူလီဘလီကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပြီလို့ Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကူလီဘလီဟာ လာမယ့်ရာသီသစ်မစတင်မီမှာ ဗဟိုခံစစ်ကစားသမားသစ် ခေါ်ယူလိုနေတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေသူ ဖြစ်ပါတယ်။


ဒါပေမယ့် နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ကူလီဘလီကို ၅ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ကူလီဘလီရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၅၀ ဝန်းကျင်အထိ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ကူူလီဘလီဟာ လက်ရှိအချိန်မှာ အာဖရိကဖလားပြိုင်ပွဲအတွက် ဆီနီဂေါအသင်းနဲ့အတူ ရှိနေသူဖြစ်ပြီး ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး Goal ကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် မသိပါဘူး(လာမယ့်ရာသီ နာပိုလီနဲ့အတူရှိ၊ မရှိ)။ ကျွန်တော်ကတော့ ဆက်ရှိမယ်လို့ ထင်တာပဲ”

“ဒါပေမယ့် ကျွန်တော် အာဖရိကဖလားပြိုင်ပွဲ ကစားရဦးမယ်။ အဲဒါပြီးရင် ကျွန်တော် နာပိုလီကို ပြန်မှာပါ”

“အားလုံးက ကျွန်တော့်အကြောင်းကို ပြောနေကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဆီနီဂေါအကြောင်းပဲ ပြောပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်ရဲ့ဒီနေ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး ဆီနီဂေါနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတစ်စုံတရာလိုချင်လို့ပါ”

“ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဒီနေ့ မပြောချင်ပါဘူး။ ကျွန်တော် ဆီနီဂေါအကြောင်းပဲ ပိုပြီးပြောချင်ပါတယ်”

“ဆီနီဂေါက ဒီနေ့မှာ ကြီးမားတဲ့တစ်စုံတခုကို ရရှိခဲ့ပါတယ်။ ဆီနီဂေါနဲ့ ဆီနီဂေါပြည်သူတွေနဲ့အတူ ကျွန်တော် ၂၀၀ ရာခိုင်နှုန်းရှိနေပါတယ်”

“ကျွန်တော် အေးအေးဆေးဆေးဖြစ်နေပါတယ်။ ကျွန်တော် အာဖရိကပြိုင်ပွဲကိုပဲ အာရုံစိုက်ထားချင်ပြီး အဲဒါပြီးလို့ နာပိုလီကို ပြန်ရင်တော့ ဘာတွေဖြစ်ပျက်လာမလဲဆိုတာ ကျွန်တော်တို့ မြင်ရမှာပါ”

“အခု အရေးအကြီးဆုံးအရာကတော့ ဆီနီဂေါနဲ့အတူ ဆုုဖလားရယူဖို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က