ယူနိုက်တက်မှာ နာမည်တစ်လုံးကို တည်ဆောက်နိုင်ခဲ့သူပါ။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဘောလုံးလောရဲ့စူပါစတားဖြစ်လာဖို့အတွက် အိုးထရက်ဖို့ဒ်မှာ ဘယ်လိုလေ့လာသင်ယူခဲ့ရလဲ၊ ၁၅ နှစ်လောက် ထိပ်တန်းပြိုင်ပွဲမှာ ဘယ်လိုရပ်တည်နေခဲ့လဲဆိုတာကို ရှင်းပြခဲ့တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်ကြယ်ပွင့် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၎င်းရဲ့ကစားသမားဘဝကို အချိန်ကာလကြာရှည်အောင်မြင်မှုထိန်းသိမ်းနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး လေ့လာသင်ယူလိုစိတ်နဲ့ အသားကျအောင် ပြုလုပ်တာက ပါရမီလိုမျိုးပဲ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဘလွန်းဒီအော်ဆု ၅ ကြိမ်၊ ကစားသမားဘဝသွင်းဂိုး ၇၀၀နဲ့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အပါအဝင် မယုံကြည်နိုင်ဖွယ် ဆုဖလားပေါင်းများစွာကို သိမ်းပိုက်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ကစားသမားဘဝဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ စတင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းမှာမှ ခရစ်စတီယာရော်နယ်ဒိုဆိုတဲ့နာမည်တစ်လုံးကို ရရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက တကယ်လို့ ၎င်းသာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာရှိတဲ့ ကြယ်ပွင့်များစွာတွေဆီကနေ လေ့လာသင်ယူပြီး တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ရူးမိုက်သူဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။



“ကျွန်တော့် ဦးနှောက်ကို အသုံးပြုပြီးလုပ်ခဲ့တာပါ။ တကယ်လို့ ခင်ဗျားမှာသာ နည်းနည်းလေး ဉာဏ်ရည်ထက်မြက်မှုရှိမယ်ဆိုရင် ခင်ဗျားထက် ပိုကောင်းအောင် လုပ်နေတဲ့သူတွေဆီကနေ ဥပမာယူလို့ရပါတယ်”

“ကျွန်တော်လည်း မန်ချက်စတာယူနိုက်တက်မှာ ရိုင်ယန်ဂစ်၊ ပေါလ်စခိုး၊ ဗန်နစ္စတယ်ရွိုင်း၊ ရီယိုဖာဒီနန်တို့နဲ့ရှိခဲ့တဲ့အချိန်တုန်းက အဲဒီအတိုင်းလုပ်ခဲ့တာပဲ။ တကယ်လို့ သူတို့လို ကစားသမားတွေဆီက မသင်ယူနိုင်ဘူးဆိုရင်တော့ ခင်ဗျားက နလပိန်းတုံးပဲ”

“ရည်မှန်းချက်က အတုခိုးပြီး ပုံတူကူးချဖို့မဟုတ်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးကစားသမားတွေဆီကနေ ခင်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အံ့ဝင်ခွင်ကျဖြစ်မယ့်အရာတွေကို ယူရပါမယ်။ ကျွန်တော် အဲဒီလို လုပ်ခဲ့တာပဲ။ ကျွန်တော့်မှာ ပါရမီစွမ်းရည်အချို့ရှိပြီး သူတို့လုပ်တာ စောင့်ကြည့်ခဲ့တယ်”လို့ France Football ကို ပြောကြားခဲ့ပါတယ်။



က္က