အသင်းပြောင်းရွှေ့ဖို့ထက် ပွဲကစားချိန်များများရဖို့က ပိုအရေးကြီးတယ်လို့ ယုံကြည်နေတာပါ။

မန်ချက်စတာယူနိုက်တက် ဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီဟာ ဆန်ချိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ပြီး အရန်ခုံမှာ ထိုင်နေရတာထက် ပုံမှန်ပွဲကစားချိန် ရရှိနေတဲ့ ဒေါ့မွန်မှာသာ ဆက်နေသင့်တယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျေဒန်ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီကမှ ဘောလုံးပရိသတ်တွေရဲ့ မြင်ကွင်းရှေ့ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ထားတဲ့ ဆန်ချိုကို မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဒေါ့မွန်အသင်းက ဆန်ချိုကို ယခုနွေရာသီမှာ ရောင်းချမှာမဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ ဆန်ချိုကို လာမယ့်နှစ်မတိုင်မီအထိ ခေါ်ယူမှု ပြုလုပ်သွားဖွယ်မရှိဘူးလို့ ဆိုပါတယ်။



ဒါပေမယ့် မန်ချက်စတာယူနိုက်ဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီက ဆန်ချိုအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ထက် ခြေစွမ်းပိုင်း ပိုမိုတိုးတက်ဖို့အတွက် ၎င်းရဲ့ပွဲကစားချိန်ကို ပိုမိုဦးစားပေးသင့်တယ်လို့ ယုံကြည်နေပါတယ်။

“ဒေါ့မွန်က အရမ်းကောင်းတဲ့ပရိသတ်တွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ သူတို့ရဲ့ လူငယ်ကစားသမားတွေကို ယုံကြည်မှုရှိပြီး အဲဒါကို ခင်ဗျား ပြီးခဲ့တဲ့ ၁၂ လအတွင်း တိုးတက်လာတဲ့ ဆန်ချိုကို ကြည့်ရင်မြင်နိုင်မှာပါ။”

“အခု ဂျေဒန်က ပွဲကစားချိန်ရတဲ့ ဒေါ့မွန်အသင်းမှာ ကစားမှာလား၊ အင်္ဂလန်ကို ပြောင်းရွှေ့ပြီး အရန်ခုံမှာပဲ ထိုင်နေမလားဆိုပြီး သူ့ကိုယ်သူ ပြန်မေးရပါတော့မယ်။ ဂျေဒန်လို လူငယ်ကစားသမားတစ်ယောက်အတွက် ပွဲကစားချိန်က အရေးအကြီးဆုံးပါပဲ။ အဲဒီတော့ တကယ်လို့ ပွဲကစားချိန်ကို ဒေါ့မွန်အသင်းမှာ အများဆုံးရရှိနေတယ်ဆိုရင် သူ ဒေါ့မွန်မှာပဲ နေသင့်ပါတယ်”လို့ Bild ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က