ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့အတွက် ကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလာနဲ့ အလဲအထပ်ပြုလုပ်ဖို့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လကတည်းက အင်တာမီလန်အသင်းဟာ လူကာကူကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပေမယ့် အင်တာမီလန်ရဲ့နောက်ဆုံးကမ်းလှမ်းမှုဟာ ယူနိုက်တက်က သတ်မှတ်ထားတဲ့ ပေါင် ၇၅ သန်း ပမာဏကို ရောက်ရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
အင်တာမီလန်အသင်းဟာ လူကာကူအတွက် ပေါင် ၅၄ သန်းသာ ပေးချေလိုနေတာဖြစ်ပြီး အင်တာမီလန်နည်းပြသစ်ကွန်တီနဲ့ အလုပ်လုပ်လိုနေတဲ့ လူကာကူရဲ့ အပြောင်းအရွှေ့ဟာ ကြန့်ကြာနေခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်အသင်းဟာ လူကာကူကို ခေါ်ယူမယ့်ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း စီးရီးအေမှာ ဂျူဗင်တပ်ရဲ့ဆုဖလားအောင်မြင်မှုစံချိန်က လူကာကူကို ခေါ်ယူနိုင်ဖို့အတွက် အာမခံချက်တစ်ခုနီးပါးဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။
အင်တာမီလန်အသင်းက လူကာကူအတွက် ပမာဏတိုးမြှင့်ထားတဲ့နောက်ထပ်ကမ်းလှမ်းမှုကို လာမယ့်ရက်ပိုင်းအတွင်းမှာ ပြုလုပ်လိမ့်မယ်လို့ မျှော်မှန်းရပြီး Gianluca Di Marzio ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က လူကာကူကို ကြားဖြတ်ခေါ်ယူသွားဖို့ ကြိုးပမ်းနေပြီလို့ ဆိုပါတယ်။
ဂျူဗင်တပ်အသင်းဟာ အသက်အရွယ်အရ အကျပိုင်းကို ရောက်နေပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး မန်ဇူကစ်ရဲ့နေရာမှာ လူကာကူကို အစားထိုးလိုနေတာဖြစ်ပြီး လူကာကူနဲ့ အသင်းရဲ့တိုက်စစ်မှူး ဒီဘာလာကို တိုက်ရိုက်အလဲအထပ်ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။