2018 AFF Suzuki Cup အတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ စခန်းသွင်းလေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ မနေ့ညက ကာတာလိဂ် အမှတ်ပေး ချန်ပီယံ Al Duhail SC အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ကာတာကလပ်အသင်းက မြန်မာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
Photo : MFF Facebook Page
နည်းပြအန်တွန်နီဟေးလက်ထက်မှာ လက်ရွေးစင်အသင်းအတွက် (၅)ပွဲဆက် ရှုံးပွဲဖြစ်ခဲ့ပြီး အခုထက်ထိ နိုင်ပွဲမရသေးတာ ဖြစ်ပါတယ်။ တရုတ်၊ အင်ဒိုနီးရှား၊ ဘိုလီဗီးယား၊ ဘာရိန်း နဲ့ အခု ကာတာကလပ်အသင်းတို့ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီ (၅)ပွဲမှာ မြန်မာအသင်းဟာ ပေးဂိုး (၁၁)ဂိုး အထိ ရှိခဲ့ပြီး ရဂိုး (၂)ဂိုးသာ ပိုင်ဆိုင်ခဲ့ပါတယ်။
Photo : MFF Facebook Page
ကာတာကလပ် Al Duhail SC အသင်းအတွက် ဂိုးတွေကို ပွဲကစားချိန် (၂၁)မိနစ် နဲ့ (၄၀) မိနစ်တွေမှာ သွင်းယူခဲ့ပြီး မြန်မာအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် (၇၆)မိနစ်မှာ သန်းထက်အောင်က သွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲကို Training Match ပုံစံ ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြရေးသားထားပါတယ်။
Photo : MFF Facebook Page
မြန်မာအသင်းဟာ ဒီပွဲမှာ ဇော်မင်းထွန်း၊ အောင်သူ၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ ဒေးဗစ်ထန်၊ ကောင်းဆက်နိုင်၊ ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်းတို့ကို ထည့်သွင်းမကစားခဲ့ပဲ ကျန်ရှိတဲ့ ကစားသမားအားလုံးကို ထည့်သွင်းအသုံးပြု ကစားစေခဲ့တယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။
Photo : MFF Facebook Page
မြန်မာအသင်းရဲ့ အဓိကတိုက်စစ်မှူးအောင်သူကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။ အခြား တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ မောင်မောင်လွင်ကတော့ ဒဏ်ရာကြောင့် (၂)ပတ်ခန့် အနားယူရမယ်လို့ သိခဲ့ရပေမယ့် အသင်းနဲ့အတူ သူလည်း ပြန်လည်လေ့ကျင့်နေပြီ ဖြစ်ပါတယ်။