Sky Net ရဲ့ ပွဲပြီးအစီအစဉ်မှာ ပြောကြားခဲ့တာပါ။

မြန်မာအသင်းကတော့ ဆူဇူကီးဖလားပွဲစဉ်ရဲ့ နောက်ဆုံးပွဲစဉ်မှာ မလေးရှားအသင်းကို (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ သရေကျရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မယ့် အနေအထားကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း မြန်မာအသင်းဟာ အဝေးကွင်းမှာ မလေးရှားကို ယှဉ်မကစားနိုင်ခဲ့ပဲ ရှုံးနိမ့်ခဲ့ပါတယ်။



 

ဒီပွဲအပြီးမှာတော့ Sky Net Sports ရုပ်သံလိုင်းမှာ ပွဲအစီအစဉ် သုံးသပ်သူအဖြစ် ပါဝင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ နည်းပြချုပ် ဦးမျိုးမင်းထွန်းက မြန်မာအသင်းရဲ့ ရှုံးပွဲအတွက် နည်းပြချုပ် အန်တိုနီဟေးမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

"ဒီနေ့ပွဲအတွက်တော့ နည်းပြချုပ်မှာ တာဝန်အပြည့်အဝရှိပါတယ်၊ ပွဲထွက်လူစာရင်းကို ကြည့်လိုက်ကတည်းက ကျွန်တော်ပြောခဲ့ပြီးပါပြီ၊ ဒါပေမယ့် သူ ရှေ့မှာလည်း အပြောင်းအလဲတွေ အများကြီးလုပ်ခဲ့ပါတယ်၊ ဒီအတွက် ဒီပွဲမှာလည်း အလှည့်အပြောင်း ဖြစ်လာမလားလို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူးပေါ့"

 

"အဓိကက ဗီယက်နမ်ကို သရေကျခဲ့တာပေါ့၊ ဗီယက်နမ်ကို သရေကစားနိုင်ခဲ့တဲ့ လူစာရင်းကို နည်းပြ ယုံကြည်ခဲ့ပြီးတော့ မလေးရှားနဲ့ပွဲမှာ အသုံးပြုခဲ့တယ်၊ ဒေးဗစ်ထန်း၊ သိန်းသန်းဝင်း၊ ပြည့်ဖြိုးဇော်တို့ကို ချန်လှပ်ခဲ့ပြီးတော့ အခြားကစားသမား (၃)ယောက်ကို ရွေးချယ်ခဲ့တာ အံ့သြစရာကောင်းပါတယ်" လို့ ဦးမျိုးမင်းထွန်းက သုံးသပ်ခဲ့ပါတယ်။

မြန်မာအသင်းရဲ့ ကစားပုံဟာ ကိုယ်ပိုင်ဟန်တစ်ခုမှာ ရှိမနေခဲ့ပဲနဲ့ ကန်တင်ပြေးစနစ်မှာသာ ရှိနေခဲ့တယ်လို့လည်း ဦးမျိုးမင်းထွန်းက သုံးသပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် မြန်မာအသင်းမှာ ကစားသမားရွေးချယ်မှု အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အားနည်းချက်တစ်ချို့ ရှိခဲ့သေးတယ်လို့ ဦးမျိုးမင်းထွန်းက ပွဲပြီးသုံးသပ်ချက်အစီအစဉ်မှာ ပြောခဲ့ပါသေးတယ်။

 

"မလေးရှားအသင်းပဲ ကြည့်လိုက်၊ စီနီယာကစားသမားတွေကို အသုံးပြုထားတယ်၊ အဲဒီမှာမှ လူငယ်ကစားလေးတွေကို ထည့်အသုံးပြုတယ်၊ ကျွန်တော်တို့အသင်းကျတော့ လူငယ်ကစားသမားတွေကြားထဲကို စီနီယာကစားသမားတွေ ထည့်တယ်၊ ဇော်မင်းထွန်း နဲ့ ကျော်ဇင်ထက်သာ မပါရင် ကျွန်တော်တို့ မြန်မာအသင်းက ဒီနေ့မှာ လူငယ်အသင်းပါပဲ၊ အဲတော့ တစ်ဖက်အသင်းကလည်း မြန်မာအသင်းကို ရှိန်မနေတော့ဘူးပေါ့၊ ကလေးနဲ့ လူကြီး ကစားသလို ဖြစ်နေခဲ့ပါတယ်" လို့ ဦးမျိုးမင်းထွန်းက သူ့ရဲ့ အမြင်ကို ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က