၂၀၁၇ ဆီးဂိမ်းတုန်းက မြန်မာပရိသတ်တွေ ရိုက်နှက်ခံခဲ့ရသလို ၂၀၁၄ ဆူဇူကီးတုန်းကလည်း ဗီယက်နမ် ပရိသတ်တွေ ရိုက်ခံခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ မြန်မာပရိသတ်တွေ ထပ်မံပြီး အရိုက်ခံရချိန်မှာတော့ MFFက AFFကို တိုင်ကြားစာပေးပို့ခဲ့တာပါ။
Photo - MFF
မလေးရှားနိုင်ငံမှာ ကစားခဲ့တဲ့ ၂၀၁၈ အာဆီယံ ဆူဇူကီးအုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာလူမျိုး ပရိသတ်အချို့ မလေးရှားပရိသတ်အချို့ရဲ့ ရိုက် နှက်မှု ခံခဲ့ရတဲ့အပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကို တိုင်ကြားထားပါတယ်။
ဘူကစ်ဂျာလီပြင်ပက တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်
မလေးရှားအသင်းက မြန်မာအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ရိုက်နှက်ခံခဲ့ရတဲ့ မြန်မာလူမျိုး ပရိသတ်တွေဟာ ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေခဲ့တာဖြစ်ပြီး မလေးရှားပရိသတ်တွေက အကြောင်းမဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တာ ဖြစ်တယ်လို့လည်း ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ မြန်မာ ပရိသတ်တစ်ဦးက DuwunSportsရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
Photo - ohbulan.com
မလေးရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတုန်းကလည်း မြန်မာပရိသတ်တွေအခုလိုပဲ ရိုက်နှက်ခံခဲ့ရပြီး အဲ့ဒီတုန်းက တော့ မလေးရှားဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး (လက်ရှိ ဥက္ကဌ)က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ပြန်လည်တောင်းပန်မှု ပြု လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ အခုဖြစ်နေတဲ့ ပြဿနာက တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်းမဟုတ်တော့ဘူး။အခုကိစ္စက မလေးရှားဘောလုံးအဖွဲ့ချုပ် တစ်ခုတည်း တောင်းပန်လို့မရဘူး။အာဆီယံဘောလုံးအဖွဲ့ချုပ်ကို ကျွန်တော်တို့က တိုင်တန်းတယ်ဆိုတာ မြန်မာတစ်ခုတည်းတင် မဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေ လာရောက်ကစားရင်လည်း အဲဒီလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားဖို့ အိမ်ရှင်နိုင်ငံတွေက ဘောလုံးကွင်း ဧရိယာအတွင်းမှာ တာဝန်အပြည့်ယူထားပေးရပါမယ်။ ဒါကလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့နိင်ငံတိုင်းက ဘောလုံးပြိုင်ပွဲကြည့် ပရိတ်သတ်တွေရဲ့ လုံခြုံရေးပိုင်းကို တာဝန်အပြည့်ယူကိုယူပေးရပါမယ်။ ဒီလိုသာ ကျင်းပတိုင်း ဆက်တိုက်ဖြစ်ပေါ်နေရင် အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ ပြိုင်ပွဲကျင်းပရေးအပိုင်းမှာ ဂုဏ်သိက္ခာကျဆင်းနိုင်သလို ပရိတ်သတ်တွေအနေနဲ့လည်း နောက်နှစ်တွေမှာ ပြိုင်ပွဲကိုဘယ်သူမှလာရောက်ကြည့်တော့မှာမဟုတ်တော့ဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး နောက်မဖြစ်ပေါ်စေရေးအတွက် အာဆီယံဘောလုံးအဖွဲ့ချုပ်ကိုအရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားရခြင်း ဖြစ်ပါတယ်။"လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက DuwunSportsကို ပြောပါတယ်။
Photo - thestar.com.my
မလေးရှားက ကျင်းပတဲ့ ဘောလုံးပွဲစဉ်တွေမှာ မြန်မာ ပရိသတ်တွေတင်သာမက ၂၀၁၄ အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲကို မလေးရှားမှာ ကစားခဲ့စဉ်ကလည်း မလေးရှားပရိသတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဗီယက်နမ် ပရိသတ်အချို့ ထိခိုက် ဒဏ်ရာ ရခဲ့ဖူးပါ တယ်။
မလေးရှားဘောလုံးအဖွဲ့ချုပ်အနေနဲ့ မလေးရှားမှာရှိတဲ့ နှလုံးလှ ပရဟိတအဖွဲ့ကိုတော့ နောက်ပြိုင်ပွဲတွေကျရင် အခုလိုမျိုး မဖြစ်ဖို့ လုံခြုံရေး ပိုင်း ဆောင်ရွက်မှုကို ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ပေမယ့်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုတော့ တရားဝင် တောင်းပန် စကားဆိုလာခြင်းတော့ မရှိသေးပါဘူးလို့ သိရပါတယ်။
"ကျွန်တော်တို့အနေနဲ့ကတော့ အခုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကြား ဆက်ဆံရေး တင်းမာမှုတွေတော့ မဖြစ်ပါဘူး။ အခုချိန်ထိ လည်း ဆက်ဆံရေးက အကောင်းဆုံး အနေအထားမှာရှိနေပါတယ်။ကျွန်တော်တို့ဖက်က တစ်ကြိမ်မကတော့တဲ့ ဖြစ်ရပ်တွေကြောင့်သာ အာဆီ ယံဘောလုံးအဖွဲ့ချုပ်ကို တိုင်ကြားရခြင်းဖြစ်ပါတယ်။" လို့ ဦးကိုကိုသိန်းက ဆက်လက်ပြောပါတယ်။
မလေးရှားဘောလုံးအဖွဲ့ချုပ်ကို အရေးယူပေးဖို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က တိုင်ကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။