ဦးဇော်ဇော်အနေနဲ့ ဒု-ဥက္ကဌ တာဝန်ကို၂၀၁၉ ကနေ ၂၀၂၃ ခုနှစ်အထိ ဒုတိယမြောက်သက်တမ်းအဖြစ် ထပ်မံထမ်းဆောင်မှာဖြစ်ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ် ဥက္ကဌသစ်အဖြစ် ကမ္ဘောဒီးယားက Major General Khiev Sameth က ပြောင်းလဲ တာဝန်ယူပါမယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်အနေနဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှာလည်း ဒု-ဥက္ကဌ တာဝန်ကို ပူးတွဲထမ်းဆောင်လျက်ရှိသူပါ။ ၄ နှစ်တစ်ကြိမ် ရွေးချယ် တင်မြှောက်လေ့ရှိတဲ့ အဆိုပါ ရာထူး အတွက် ယမန်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့မှာ ပြန်လည်ရွေးချယ်တင်မြှောက်မှု ပြုလုပ်ခဲ့ရာမှာတော့ ထပ်မံ ရွေးချယ်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖော်ပြထားပါတယ်။
ဦးဇော်ဇော်အနေနဲ့ အာဆီယံ ဒု-ဥက္ကဌ ဖြစ်လာချိန်မှာ မြန်မာနိုင်ငံတွင် လူငယ်ပြိုင်ပွဲများစွာ သာမက အာရှအဆင့်ပြိုင်ပွဲတွေကိုပါ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်တဲ့အထိ အောင်မြင်မှုရလာခဲ့ပြီး ၂၀၁၅ ခုနှစ်က ယူ-၂၀ ကမ္ဘာ့ဖလား ဝင်ခွင့်ရခဲ့တဲ့အထိ ကမ္ဘာကို ထိုးဖောက်နိုင်ခဲ့တာ မြင်ရမှာပါ။
တဆက်တည်းမှာပဲ အာဆီယံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ရာထူးကိုတော့ ကမ္ဘောဒီးယားနိုင်ငံက Major General Khiev Sameth အဖြစ် ရွေးချယ်တင်မြှောက်ခံရတယ်လို့ သိရပါတယ်။ ြမန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကတော့ မတ်လထဲမှာ အာရှ ယူ-၂၃ ခြေစစ်ပွဲ ကစားဖို့ ရှိပြီး ဂျပန်၊မကာအို၊အရှေ့တီမောအသင်းတို့နဲ့ ကစားသွားရမှာပါ။