ဧပြီလ ၆ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာကျင်းပခဲ့တဲ့ ၂၉ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်နဲ့ ရွေးကောက်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ အာရှဘောလုံးအဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ဟာ ဒီနေ့နံနက်ပိုင်းက ကျင်းပခဲ့တဲ့ ၂၉ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်နဲ့ ရွေးကောက်ပွဲအခမ်းအနားမှာ အာရှအဆင့်မြင့်ရာထူးတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ ဒီရာထူးကတော့ အာရှဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ရာထူးပါ။ ဦးဇော်ဇော်ကို အာရှဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံခဲ့လို့ အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
မူလက အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌနေရာအတွက် ဦးဇော်ဇော်နဲ့အတူ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊ မလေးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဌတို့လည်း ဝင်ရောက်အရွေးခံခဲ့ပေမယ့် မလေးရှားက နုတ်ထွက်ခဲ့လို့ နှစ်ဦးသာဝင်ပြိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့သတင်းထုတ်ပြန်ချက်အရ ဦးဇော်ဇော်ကို ဂျပန်ဘောလုံးအဖွဲ့ချုပ်နဲ့ ကိုရီးယားဘောလုံးအဖွဲ့ချုုပ်တို့ကလည်းထောက်ခံခဲ့တယ်လို့သိရပါတယ်။
ဦးဇော်ဇော်ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌရာထူးအပြင် အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌအဖြစ်လည်းတာဝန်ယူဆောင်ရွက်နေပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌအဖြစ် ဦးဇော်ဇော်အရွေးခံခဲ့ရတာဟာ မြန်မာ့ဘောလုံးသမိုင်းမှာ ပထအဆုံးအကြိမ်အဖြစ် အာရှအဆင့်မြင့်ရာထူးတစ်ခုကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။