အကြိတ်အနယ်နဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။
Pyae Phyo Thein

ဒီနေ့မှာကစားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၄) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရတနာပုံ နဲ့ ဧရာဝတီပွဲကလည်း အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ မနေ့က ရှမ်းယူနိုက်တက်နဲ့ ဟံသာဝတီတို့ပွဲစဉ်ပြီးနောက် နောက်ထပ်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ၃ ရက်တစ်ပွဲနှုန်း ကစားနေချိန်မှာ အခုလိုပွဲကောင်းတွေကို မြင်တွေ့ခဲ့ရတာပါ။


ချန်ပီယံမျှော်လင့်ချက်ရှိနေတဲ့ ဧရာဝတီအသင်းဟာ ဟံသာဝတီရဲ့အရှုံးကို အခွင့်ကောင်းယူဖို့ကြိုးစားခဲ့သလို ရတနာပုံကလည်း သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် အကောင်းဆုံးတုံ့ပြန်သွားခဲ့တာပါ။ ဘာမျှော်လင့်ချက်မှ မရှိပေမယ့် ရတနာပုံက ISPE နဲ့ပွဲက အရှုံးကို ချေဖျက်ဖို့ ဧရာဝတီကို အကောင်းဆုံးရင်ဆိုင်လာခဲ့တာပါ။


ဒါကြောင့်လည်း ပွဲချိန် ၁၂ မိနစ်မှာ လှိုင်းဘိုဘိုရဲ့ အလွတ်တည်ကန်ဘောကနေ ဝင်းနိုင်းစိုးက ခေါင်းတိုက်သွင်းယူပြီး အဖွင့်ဂိုးယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဂိုးက ၅ မိနစ်သာကြာခဲ့ပြီး သီဟဇော်ရဲ့ ထိုးဖောက်မှုကို ရတနာပုံဂိုးသမားပြည့်လျံအောင်တားဆီးရာမှာ ပယ်နယ်တီပေးခဲ့ရပြီး ဆာဆက်က အပိုင်ကန်သွင်းကာ ချေပသွားခဲ့ပါတယ်။ 


နှစ်သင်းစလုံးက အနိုင်ဂိုးတွေရဖို့ တိုက်စစ်ကိုဖွင့်ကစားခဲ့ပြီး ကွင်းလယ်တိုက်စစ်ကစားသမားတွေ နဲ့ တိုက်စစ်မှူးတွေကြားမှာ ချိတ်ဆက်ကစားပုံကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ကြပါတယ်။ မျိုးကိုထွန်း၊ လှိုင်းဘိုဘိုတို့က အောင်သူ၊ ဝင်းနိုင်စိုးတို့နဲ့ အချိတ်အဆက်မိခဲ့သလို ဧရာဝတီကလည်း သီဟဇော်၊ တင်ဝင်းအောင်၊ အောင်နိုင်ဝင်း၊ လွင်မိုးအောင်တို့က ဆာဆက်၊ သန်းထက်အောင်တို့နဲ့ နားလည်မှုပြည့်ဝနေတာကို မြင်ခဲ့ရပါတယ်။


ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပထမပိုင်းကပုံစံအတိုင်းပဲ အားထုတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒုတိယပိုင်းစပြီး ၄ မိနစ်အကြာမှာပဲ ဧရာဝတီဂိုးသမားကျော်ဇင်ဖြိုးရဲ့ ကာကွယ်မှုလျှံထွက်ခဲ့ရာကနေ ဝင်းနိုင်စိုးက အနီးကပ်ပိတ်သွင်းပြီး ရတနာပုံအတွက် ဦးဆောင်ဂိုးထပ်သွင်းခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း ဒီဂိုးက ၄ မိနစ်သာ ကြာမြင့်ခဲ့ပြီးတော့ ၅၃ မိနစ်မှာ ရတနာပုံဧရိယာထပ်နားဘယ်ခြမ်းမှာရတဲ့ အလွတ်တည်ကန်ဘောကို လွင်မိုးအောင်ကန်တင်ပေးမှုကနေ ဆာဆက်က ခေါင်းတိုက်သွင်းယူခဲ့လို့ ဧရာဝတီတို့ ချေပဂိုးပြန်ရခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီနဲ့ ပွဲကတော်တော်လေးမြိုင်သွားခဲ့ပြီး ပိုကြည့်ကောင်းခဲ့ပါတယ်။ 

အပြန်အလှန်ထိုးဖောက်နေရင်းနဲ့ပဲ ဧရာဝတီတို့ ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ ကျော်ဇင်လွင်ရဲ့ ပေးပို့မှုကို ရဲလင်းထက်ကရရှိခဲ့ပြီး ဆာဆက်ရဲ့ပြေးလမ်းကြောင်းထဲကို ချပေးခဲ့ရာမှာ ဆာဆက်က အသာလေးကျော်သွင်းပြီး သူ့ရဲ့ဟက်ထရစ်ဂိုး၊ ဦေးဆာင်ဂိုးကို ရယူသွားခဲ့ပါတယ်။ ရတနာပုံတို့ ချေပဂိုးပြန်ရဖို့ကြိုးစားရင်း လှိုင်းဘိုဘိုရဲ့ ကန်သွင်းချက် ကျော်ဇင်ဖြိုးကာကွယ်နိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ 

ဒုတိယပိုင်းမှာ အောင်သူတော်တော်လေးခြေစွမ်းပျောက်သွားလို့ ရတနာပုံတိုက်စစ်ရုန်းကန်ခဲ့ရပြီး ပေးလိုက်ရတဲ့အရှုံးဂိုးကို မချေပနိုင်ဘဲရှိခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ နှစ်ဖက်အသင်းကြား အချေအတင်ဖြစ်ခဲ့ကြပြီး တော်တော်လေးထိန်းခဲ့ရပါတယ်။ ဧရာဝတီိဘက်က ကျော်ဇင်လွင်၊ ရတနာပုံက စည်သူအောင် နဲ့ အောင်ဝဏ္ဏစိုးတို့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဧရာဝတီက ၃-၂ နဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားမှာ ဟံသာဝတီနဲ့ ရမှတ်ချင်းတူညီသွားခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က